စစ်ကိုင်းတိုင်း၊ကလေးမြို့ မြို့မစျေးတိုက်တန်းက ရွှေဆိုင်တဆိုင်ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၈ ရက် ညနေပိုင်းမှာ အ မည်မသိ အမျိုးသားတဦးက သေနတ်ပြလုယက်ဓားပြတိုက်ဖို့ကြိုးစားမှုဖြစ်ခဲ့ပြီး အနီးဝန်းကျင်လူထုက ဝိုင်း ဝန်းဖမ်းဆီးဖို့ကြိုးစားလို့ လုယက်မှုမဖြစ်ခဲ့ဘဲ ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“ဆိုင်မှာက ကလေးမလေးတယောက်ထဲရှိတာ၊ဘေးနားကလူတွေဝိုင်းလာတော့ သူ့ဆိုင်ကယ်ထားပြီး ဦးချစ်လမ်း ကြားထဲဝင်ပြေးတယ်၊သေနတ်ပါတယ်၊သေနတ်ကိုချိန်ပြတော့မလိုက်ရဲကြတော့ဘူး” လို့ မြို့ခံတဦးက ပြောပါ တယ်။
အဲ့ဒီဖြစ်စဉ်မှာ ပစ်မှတ်ထားခံရတဲ့ ရွှေဆိုင်ကပစ္စည်းတွေ ဆုံးရှုံးမှုမရှိသလို လုယက်ဖို့ကြိုးစားသူဟာ လည်း သေ နတ်ပြထွက်ပြေးသွားတာကြောင့် ဆက်မလိုက်ရဲကြတော့တဲ့အတွက် ဖမ်းမမိလိုက်ဘူးလို့ဆိုပါတယ်။
ကလေးမြို့၊ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းဟာ ကလေးမြိုရဲ့လူစည်ကားဆုံးနေရာတွေထဲကတခုဖြစ်ပြီး ဒီလို နေရာ မှာ အနုကြမ်းစီးဖို့ကြိုးစားတဲ့ဖြစ်စဉ် ရှိလာတာဟာ တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း ပြသရာရောက်တယ် လို့ မြို့ခံတွေကဝေဖန်ကြပါတယ်။
“စျေးဆိုတာ စျေးရှေ့ဆိုင်ကယ်သုံးလေးမိနစ်စီးလိုက်ရင် ရဲစခန်းရောက်ပြီဗျာ၊အနောက်ဖက်စီး ဒ.က.စ အလွန်ဆုံး ငါးမိနစ်စီးရမှာပေါ့၊ဒီလိုနေရာမှာဖြစ်တာ၊ဘာဥပဒေစိုးမိုးမှုမှမရှိဘူး၊ရဲစခန်းဆိုတာက ပြည်သူတွေကို မကာကွယ်ဘဲ သူတို့ဟာသူတို့ကာကွယ်နေရတာ အာဏာသိမ်းကတည်းကပဲ” လို့ မြို့ခံတဦးကပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကိုလည်း ယုံကြည်ကိုးစားမှုမရှိတော့တဲ့အတွက် မှုခင်းဖြစ် ရပ်တွေရှိလာရင်လည်း အကြောင်းကြားတာမျိုးလုပ်ကြမှာမဟုတ်ဘူးလို့မြို့ခံတချို့ကဆိုပါတယ်။
“ဆိုင်ကယ်ဆိုနေ့တိုင်းနီးပါးပျောက်နေကြတာပဲ၊ပျောက်ကြလွန်းလို့ မနေနိုင်တော့ လိုင်းပေါ်မှာ ဆိုင်ကယ်သူခိုး ဖမ်းအဖွဲ့ဆိုပြီး group ပေါ်နေပြီ၊ မိတယ်တော့မကြားသေးဘူး၊သတင်းတွေမျှဝေနေကြတာတော့တွေ့တယ်” လို့ နောက်ထပ် မြို့ခံတဦးကလည်း ပြောပါတယ်။
ကလေးမြို့မှာစစ်အာဏာသိမ်းကတည်းက ခိုးမှု၊လုယက်မှုတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဆိုင်ကယ်တွေ အများဆုံးခိုးယူခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။