ယူကရိန်းကို Leopard 1အမျိုးအစား တင့်ကား အဟောင်းတွေပါ ပေးပို့ဖို့ ဂျာမနီ အစိုးရက တရားဝင် ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
ဂျာမနီ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက လက်ရှိ သိုလှောင်သိမ်းဆည်းထားတဲ့ Leopard 1 တင့်ကား အဟောင်းတွေကို ယူကရိန်းဆီ ပို့ဆောင်ပေးဖို့ ပါမစ် ချပေးလိုက်ပြီလို့ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။
ဂျာမနီ အစိုးရဟာ ရုရှားရဲ့ ကျူးကျော် စစ်ပွဲကို အစွမ်းကုန် တွန်းလှန်နေတဲ့ ယူကရိန်းအတွက် လက်ရှိ အသုံးပြုနေတဲ့ Leopard 2 အမျိုးအစား တင့်ကား ၁၄ စီး ထောက်ပံ့ဖို့ ကတိပြုထားပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စတင် ထုတ်လုပ်ခဲ့တဲ့ Leopard 1တွေကတော့ မျက်မှောက်ကာလမှာ ဂျာမနီအပြင် ဥရောပနိုင်ငံ တော်တော်များများကပါ သုံးစွဲနေတဲ့ Leopard 2 ခေတ်မီ တင့်ကားတွေရဲ့ ရှေ့ပြေး မော်ဒယ်လ်တွေ ဖြစ်ပါတယ်။
ဂျာမနီမှာ သိုလှောင် သိမ်းဆည်းထားတဲ့ Leopard 1 တင့်ကားအဟောင်းတွေကို ခေတ်နဲ့ လျော်ညီအောင် မွမ်းမံ ပြင်ဆင်ပြီး စုစုပေါင်း ၈၈ စီးလောက်ထိ ယူကရိန်းဆီ ပေးပို့ဖို့ ဂျာမနီက ခွင့်ပြုသွားမှာပါ။
Leopard 1တွေဟာ ခေတ်အမီဆုံး တင့်ကားတွေ မဟုတ်တော့ဘူး ဆိုရင်တောင်မှ စစ်မြေပြင်မှာ ယူကရိန်းအတွက် ကြီးမားတဲ့ အထောက်အပံ့ကောင်းတွေ ရလာစေဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ လက်နက်ပါရဂူ တချို့ကတော့ အဲဒီ တင့်ကားတွေအတွက် စံနှုန်းဟောင်း ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ရေးကတော့ အခက်အခဲတွေ၊ အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။
ဂျာမနီဟာ Leopard 1တွေကို ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၈၀ ပြည့်လွန်နှစ်လယ် ကာလတွေအထိ အသုံးပြုခဲ့ပါတယ်။