ဧရာဝတီတိုင်းမှာ စစ်တပ်ထောက်ခံပွဲ မလိုက်မနေလိုက်ဖို့ ခြိမ်းခြောက်ဖိအားပေး လိုက်ပါခိုင်း

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ(၂)ရက်မှာ စစ်တပ်ထောက်ခံပွဲ တွေ လုပ်ခဲ့ပြီး အဲ့ဒီထောက်ခံပွဲတွေကိုတက်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက်အလိုက် ခွဲတမ်း တွေနဲ့ ဖိအားပေး တက်ရောက်စေခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဧရာဝတီတိုင်း အတွင်းက ပုသိမ်၊မအူပင်၊မြောင်းမြ၊အိမ်မဲ၊ဖျာပုံ စတဲ့ မြို့တွေမှာ ဒီကနေ့ မနက်ပိုင်း နဲ့ မွန်းလွဲပိုင်းတွေမှာ အာဏာသိမ်းစစ်တပ် ထောက်ခံတဲ့ စီတန်းလှည့်လည် ပွဲတွေလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေက ရပ်ကွက်တွေအလိုက် ခွဲတမ်းသတ်မှတ်ပြီး လူအင်အားတောင်းထားတဲ့ ညွှန်ကြားချက်တခုကိုလည်း DNA က ရရှိထားပါတယ်။
မအူပင်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက နယ်မြေအလိုက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဆီ လူတောင်းထားတဲ့ အဲ့ဒီအကြောင်းကြားစာထဲမှာ အထက်ညွှန်ကြားချက်အရလို့ဆိုကာ သတ်မှတ်လူအင်အား မပျက်မကွက်စေလွှတ်ပေးဖို့ ဖော်ပြထားပါတယ်။
အလားတူ ပုသိမ်မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေထိုင်သူတွေ၊မြောင်းမြ ၊အိမ်မဲ ၊ ဖျာပုံ၊မအူပင်မြို့တွေက ရပ်ကွက်တချို့မှာလည်း တအိမ်တဦး မဖြစ်မနေ လိုက်ပါတက်ရောက်ဖို့ မြို့နယ် စစ်ကောင်စီက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးပြီး လူစုခိုင်းတယ်လို့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“တပ်ထောက်ခံတယ် ဆိုတဲ့ကောင်တွေကိုယ်တိုင် ထောက်ခံပွဲမသွားပဲ ရပ်ကွက်ထဲမှာ နိုင်စားလို့ရမယ့် သာမန် ပြည်သူကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး သူတို့ကိုထောက်ခံတယ် ဆိုတာကို အဓမ္မလုပ်တာ၊အရှက် မရှိ ဗြောင် လိမ် နေတာ”လို့ ဧရာဝတီဒေသခံတဦးက DNA ကိုပြောပါတယ်။
တပ်ထောက်ခံပွဲလိုက်ဖို့ လူစုရာမှာလည်း လိုက်မယ့်သူတွေကို လက်မှတ်ရေးထိုးခိုင်းပြီး လက်မှတ်မထိုး ၊မလိုက်သူတွေကို စစ်တပ်အရာရှိက ခေါ်တွေ့မှာဖြစ်တယ်လို့၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမြို့နယ်တွေမှာ ဒီကနေ့လုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲတွေမှာ တပ်မိသားစုတွေ၊ကြံခိုင်ရေး ပါတီဝင်တွေ၊အမျိုးသားရေး အမည်ခံထားတဲ့ ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေ နဲ့ ဘုန်းကြီးတွေလည်း ပါဝင်ခဲ့ပြီး အင်အား (၇၀၀) ကနေ (၁၀၀၀) ဝန်းကျင်လောက်နဲ့ စီတန်းကြွေးကြော် လှည်လည်ကြတာလို့ ဒေသ ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလ ၁ ရက်က တနိုင်ငံလုံးမှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာတော့ ဧရာဝတီတိုင်း အတွင်းက ပုသိမ် ၊မအူပင်၊ မြောင်းမြ၊ အိမ်မဲ၊ ဖျာပုံ စတဲ့ မြို့တွေအပါအဝင် မြို့အများစုက ပြည်သူတွေပါဝင်ခဲ့ကြပြီး သပိတ်လှုပ်ရှားမှုအချိန်အတွင်း မြို့တွင်း လမ်းတွေမှာ လူသူရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။