စွန့်ပစ် လေယာဉ်တင် သင်္ဘောဟောင်းကြီးကို နှစ်မြှုပ်ပစ်ဖို့ ဘရာဇီး ရေတပ် စဉ်းစားနေ

အဆိပ်အတောက် ရောနှောတဲ့ စွန့်ပစ် အမှိုက်ကြီးအဖြစ် ပင်လယ်ပြင်မှာ မျောပါနေတဲ့ လေယာဉ်တင် သင်္ဘော အဟောင်းကြီးကို နှစ်မြှုပ်ပစ်ဖို့ ဘရာဇီး ရေတပ်က အလေးအနက် စဉ်းစားနေပါတယ်။

 ဖေဖော်ဝါရီ ၂ ရက်မှာတော့ ဘရာဇီး ရေတပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က သူတို့ရဲ့ Sao Paulo လေယာဉ်တင် သင်္ဘော အဟောင်းကြီးကို လက်ခံမယ့် ဆိပ်ကမ်း ရှာမတွေ့တဲ့နောက် နှစ်မြှုပ်ပစ်တာ အကောင်းဆုံး နည်းလမ်းလို့ တွေးနေကြောင်း ထုတ်ပြောလာကြပါတယ်။

 ဒါပေမဲ့ အဲဒီ သင်္ဘောကြီးမှာ အဆိပ်အတောက် ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေနိုင်တာကြောင့် ပင်လယ်ထဲ နှစ်မြှုပ်လိုက်ရင် ဂေဟစနစ်ကို အကြီးအကျယ် ဒုက္ခပေးလိမ့်မယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေက ဝေဖန် ထောက်ပြနေကြပါတယ်။

 ပြင်သစ်မှာ တည်ဆောက်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၆၀ လောက် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ လေယာဉ်တင် သင်္ဘောကြီးကို ဘရာဇီး ရေတပ်က ၂၀၁၈ ခုနှစ်မှာ အနားပေးခဲ့ပါတယ်။ အဲဒီနောက် တူရကီက ကုမ္ပဏီ တစ်ခုဆီ အရည်ကျို ဖျက်သိမ်းဖို့ ပေးပို့ခဲ့ပေမယ့် သင်္ဘောမှာ အန္တရာယ် ဖြစ်နိုင်တဲ့ အဆိပ်အတောက် ပစ္စည်းတွေ ကင်းစင်ပါတယ်လို့ ဘရာဇီးဖက်က တိတိကျကျ သက်သေ မပြနိုင်တဲ့အတွက် တူရကီ အစိုးရက ကမ်းကပ်ခွင့် မပေးခဲ့ပါဘူး။

 ဘရာဇီးကလည်း အဲဒီ တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ရေယာဉ်ကြီးကို ပြန်လက်မခံချင်တဲ့အတွက် ပင်လယ်ဖက်ကို တွန်းထုတ်ခဲ့ပါတယ်။ တစ်ချိန်က ဘရာဇီး ရေတပ်ဂုဏ်ဆောင် သင်္ဘောကြီးဟာ အခုအခါမှာတော့ ဘယ်သူမှ မလိုချင်တဲ့ ဧရာမ ရေမျော အမှိုက်ကြီးအဖြစ် ပြောင်းလဲသွားပါတယ်။

 အခုအခါ ဘရာဇီး ရေတပ်က လေယာဉ်တင် သင်္ဘော အဟောင်းကြီးကို နှစ်မြှုပ်ပစ်ဖို့ ပြင်ဆင်လာတာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်လောင်လာပါတယ်။ ၂၀ ရာစုတုန်းက တည်ဆောက်ခဲ့တဲ့ သင်္ဘော အများစုမှာ ပါဝင်နေတဲ့ ကျောက်ဂွမ်း ဓာတ်သတ္တုတွေ တန်ပေါင်း အတော်များများ ပါဝင်နေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ညစ်နွမ်းစေနိုင်ပါတယ်။

 သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အားစိုက် ကြိုးစားသွားမယ်လို့ ရွေးကောက်ပွဲကြို ကတိတွေ ပေးထားဖူးတဲ့ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာဇီယို လူလာ ဒါဆေးလ်ဗား အနေနဲ့လည်း အခုလို အန္တရာယ်များတဲ့ အစီအစဉ်ကို ကြားဝင် တားဆီးပေးဖို့ ဖိအားပေး ခံနေရပါတယ်။

 Sao Pauloဟာ Fochဆိုတဲ့ နာမည်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ တည်ဆောက်ပြီးစီးခဲ့ပြီး ပြင်သစ် ရေတပ်အတွက် ၃၇ နှစ်ကြာ အမှုထမ်းခဲ့ပါတယ်။ ပြီးတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ပြင်သစ်ရဲ့ အစောဆုံး နျူကလီးယားလက်နက် စမ်းသပ်မှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၇၀ ကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေထိ အရှေ့ အလယ်ပိုင်းနဲ့ ယူဂိုဆလားဗီးယား စစ်မြေပြင်တွေမှာ တာဝန် ထမ်းဆောင်ခဲ့ပါသေးတယ်။

 ၂၆၆ မီတာ ရှည်လျားတဲ့ လေယာဉ်တင် သင်္ဘောကြီးကို ၂၀၀၀ ပြည့်နှစ်မှာ ဘရာဇီးက ဒေါ်လာ ၁၂ သန်းနဲ့ ဝယ်ယူပြီး ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ မီးလောင်မှုတစ်ခု ဖြစ်ခဲ့တာကြောင့် အရင်ကတည်းက သက်တမ်းအိုမင်းနေတဲ့ ရေယာဉ်ကြီးရဲ့ ပျက်စီး ယိုယွင်းမှု အခြေအနေတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း သိရပါတယ်။