နွားထိုးကြီးမှာ လူနဲ့သေနတ်တွေပါ ဆုံးရှုံးပြီး အထိနာနေတဲ့ စစ်အုပ်စုက PDF တွေကို တောနင်းရှာနေ

 

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အနီးမှာ ကင်းပတ်နေတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး လူနဲ့ သေ နတ်တွေပါဆုံးရှုံးလို့ အထိနာနေတဲ့ စစ်အုပ်စုက PDFတွေကို တောနင်း ရှာဖွေနေတယ်လို့ NPDF တာဝန်ရှိသူ တဦးကပြောပါတယ်။

 နွားထိုးကြီးမြို့ ဝက်လူးရွာ ရဲစခန်းထဲက ထွက်လာတဲ့ အင်အား (၁၅)ယောက်လောက်ပါတဲ့ စစ်အုပ်စုကို မနေ့က ဇန်နဝါရီ(၂၀)ရက် မနက်(၁၁)နာရီလောက်ကဒဟတ်တောရွာအနီးမှာ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ တဦး သေဆုံးပြီး သေနတ် တလက်သိမ်း ဆည်းရခဲ့တယ်လို့ Natogyi People Defence Force – မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း ကဆိုထားပါတယ်။

” စစ်အုပ်စုဖက်က တကောင်ကျပြီးတော့ ကျန်တဲ့ကောင်တွေကထွက်ပြေးတာ ကျွန်တော်တို့လိုက်ပစ်ခဲ့တယ်၊ သေတာက မိတ္ထီလာ လေတပ်က တပ်ကြပ် ကြီးအဆင့်ရှိတဲ့ တယောက်ပါ။ (MA-3) သေနတ်တစ်လက်၊ ကျည်ဆံနဲ့ကျည်ကာအင်္ကျီ သိမ်းဆည်းရမိခဲ့တယ်၊ အခုတော့ သူတို့ တောနင်းရှာဖွေတာတွေလုပ်နေပါတယ် ” လို့ သူကပြောပါတယ်။

ဒါအပြင် တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာတဲ့ ကားတန်းစစ်အုပ်စုကားတန်းကိုလည်း နှစ်ကြိမ် ထပ်မံမိုင်းဆွဲ​တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” နွားထိုးကြီးဖက်ကနေ ဝက်လူးကို စစ်ကူလာတဲ့ စခတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ အလောင်းပို့ပြီး ပြန်လာတဲ့ စစ်ကား လေး စီးကိုလည်း မိုင်းစွဲနိုင်ခဲ့တယ် အဲဒီမှာလည်း အသေပျောက်တွေရှိတယ်လို့ကြားတယ် ” လို့ သူကပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Natogyi People Defence Force – မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နွားထိုးကြီးမြို့ပေါ် နွားပွဲဈေးကို ဆက်ကြေးလာကောက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ပြီး သေနတ် တလက်သိမ်းဆည်းခဲ့သေးပါတယ်။