စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ထုံးဘိုကျေးရွာကို ဇန်နဝါရီ(၁၇)ရက် မနေ့က မနက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ကာ ရွာခံပြည်သူတဦးကိုလည်း အရှင်လတ်လတ်ခြေလက်ဖြတ်တောက် သတ် ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၅၀)ဝန်းကျင်လောက်နဲ့ မနေ့က မနက်(၁၀)နာရီလောက်မှာ ထုံးဘိုရွာထဲ ပစ် ခတ်ဝင်ရောက်လာပြီး မီးရှို့တာကြောင့် နေအိမ်(၁၅)လုံးနဲ့ ဘုန်းကြီးကျောင်းက အဆောင်နှစ်ဆောင် မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ထုံးဘိုကျေးရွာအနီးမှာရှိတဲ့ မင်းကွန်းဘုရားထီးတင်ပွဲကို လုံခြုံရေး လာယူပေးတဲ့တပ်ဖွဲ့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
“မင်းကွန်းရွာရဲ့ မြောက်ဘက်ခြမ်းက ထုံးဘိုရွာကို မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ပြီးဝင်တာ၊ ပြည်သူ တွေ ပြေးရတာပေါ့၊ လာခဲ့တဲ့ စစ်ကောင်စီတပ်က မင်းကွန်းရွာဘုရားထီးတင်ပွဲကို ကင်းပေးတာ၊ပြီးတာနဲ့ ရွာကို မီးဝင်ရှို့တာ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထုံးဘိုကျေးရွာကို ဝင်ရောက်လာချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထိ တွေ့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် လက်နက်အင်အားချင်းမမျှလို့ကာကွယ်ရေးတပ်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။