မင်းကွန်းမှာ စစ်ကောင်စီအကြီးအကဲ ဘုရားထီးတင်မယ်ဆိုပြီး စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကောင်စီလက်အောက်ခံ အကြီးအကဲ တဦးက ဘုရားထီးတင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနီးနားကရွာတွေကို မနေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မနက်မှာလည်း မင်းကွန်းဒေသမှာ စစ်ကောင်စီ အင်အား ၂၀၀ လောက်က လုံခြုံရေးအတွက်ဆိုပြီး ရောက်ရှိနေပြီး ဈေးတချို့ကိုလည်း ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

” ကားတွေနဲ့ စစ်သားတွေအများကြီး ရောက်ချလာတယ်။ သူတို့မြင်တော့ ရွာကလူတွေကကြောက်ကြတာပေါ့။ အိမ်ကနေ ရှောင်ရမလို့ ဆက်ပဲနေရမလိုတွေဖြစ်နေတာပေါ့ ” လို့ ဒေသခံ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မန္တလေးမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မင်းကွန်းဒေသမှာရှိတဲ့ မြသိန်း စေတီအပါအဝင် တခြား စေတီတွေမှာ ထိခိုက်ဖျက်ဆီးမှုတွေရှိခဲ့တာပါ။ အဲဒီ ဘုရားတွေကို စစ်ကောင်စီက ပြန်လည်ပြုပြင်ပြီး ထီးတော်တင်ပွဲကို လုပ်ဖို့ လုပ်နေလို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။