ရန်ကုန်နဲ့ ကျိုက်ထိုနဲ့မန္တလေးက စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ပစ်သတ်ခံရ

ရန်ကုန့်မြို့၊သာကေတမြို့နယ်၊၇/အနောက်ရပ်ကွက်က ရာအိမ်မှူးတဦးဖြစ်တဲ့ ဦးထွန်းဝင်းဆိုသူ ဒီကနေ့မနက်ပိုင်းက လမ်းပေါ်မှာ လမ်းလျှောက်နေချိန် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့သာကေတ မြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

အရက်ဆိုင်ကွေ့ကားမှတ်တိုင်ဘက် လမ်းလျှောက်လာချိန်မှာအမည်မသိ သေနတ်သမားက အနောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့မျက်မြင်တချို့က ပြောပါတယ်။ရာအိမ်မှူးဦးထွန်းဝင်းဟာ သာကေတမြို့ နယ်က ထင်ရှားတဲ့ လူမိုက်တဦးရဲ့ ညီဖြစ်တယ်လို့လည်း နီးစပ်သူတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပစ်ခတ်ခံရတဲ့ရာအိမ်မှူးကို အရေးပေါ်လူနာတင်ယာဥ်နဲ့သယ်ဆောင်သွားပြီး အခင်းဖြစ်နေရာကို ကင်းပတ်တာမျိုးပြုလုပ်ခဲ့ပေမယ့် စစ်ဆေးတာတွေမလုပ်ခဲ့ဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။ 

ရာအိမ်မှူးထွန်းဝင်းဆိုသူဟာ စစ်ကောင်စီနဲ့ပူးပေါင်းတာ၊တော်လှန်လူငယ်တွေနဲ့ပတ်သက်တဲ့ သတင်းပေးတာတွေအပြင် လက်ရှိစစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းကောက်ခံမှုတွေမှာ ပူးပေါင်းလုပ်ဆာင်တာမျိုးတွေ လုပ် ဆောင်နေသူတဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

အလားတူ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်မှာလည်း နှစ်ရက်အတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးနဲ့ သတင်းပေးဆိုသူတဦး ပစ်သတ်ခံရပါတယ်။

ကျိုုက်ထိုမြို့နယ် ကင်းမွန်ချောင်း ကျေးရွာက ဆယ် အိမ်မှူးဖြစ်သူကိုပေါ်ထွန်းနဲ့ ပေါ်ပြူလာ ခြံစောင့်အလုပ် သမားတို့နှစ်ဦးဟာ ဇန်နဝါရီ (၁၃)ရက် ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ အဲ့ဒီကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ပေါ်ထွန်းက ဟိုအရင်ကတည်းက အသတ်ခံရမလို့ပဲ၊သီသီလေး လွဲသွားလို့၊သူက တော်လှန်ရေးရဲ ဘော်တွေ သတင်း စုံစမ်းပြီး သူ့……(စစ်ကောင်စီ)ဆီကို ပို့ပေးတဲ့ တကယ့်ဒလန်အကြီးစား”လို့ ကင်းမွန်ချောင်းရွာခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြိုနယ်မရမ်းချောင်ကျေးရွာက အုပ်ချုပ်ရေးမှူးအသစ် ဦးအောင်ထွန်းဆိုသူဟာလည်း ဇန်နဝါရီ ၁၄ရက်ညပိုင်းက  ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီးမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

မနေ့ကပစ်သတ်ခံလိုက်ရတဲ့ မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဟာ အရင်က ပစ်သတ်ခံလိုက်ရ တဲ့ အုပ်ချုပ်ရေးမှူး နေရာမှာ ဝင်ရောက်တာဝန်ယူတာ မကြာသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အရင်အုပ်ကြီးတုန်းကလဲ ပစ်ခံရလို့သေတယ် ၊ အဲ့ဒါကိုသိရဲ့နဲ့ အုပ်ကြီးနေရာဝင်ယူပြီး မဲစရင်းလိုက် ကောက် တယ်၊ အခု ည အပစ်ခံရတယ် သေတာပါပဲ “လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း မ‌ဟာအောင်မြေမြို့နယ် ဗောဓိကုန်း အရှေ့ရပ်အုပ်ချုပ်ရေးမှူး ဦးစောကို ဒီကနေ့ ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတယ်လို့ Special Task Force MDY(STF-MDY) အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန် ထားပါတယ်။

မန္တလေးမြို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချူပ်ရေးမှူးဆိုသူတွေကို နုတ်ထွက်ဖို့ အသိပေးထားတဲ့ကာလ ပြည့်ပြီဖြစ်တဲ့အတွက် စတင်အရေးယူတော့မယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူ တဦးကDNA ကို ပြောပါတယ်။ 

မန္တလေးမြို့က အုပ်ချုပ်ရေးမှူးတွေရဲ့ နာမည်နဲ့ လိပ်စာကို အတိအကျရထားတဲ့အတွက် ၁၅ ရက်အတွင်း ရာထူးက နှုတ်ထွက်ကြဖို့နဲ့မထွက်ပါက အရေးယူသွားမယ်လို့ STF-MDY အဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာစတင် အသိပေးထားတာပါ။