ပုလဲမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စိုးမိုးနယ်မြေတွေထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မူဝါဒတွေ အတိုင်း အခွန်ကောက်ယူရာမှာ ငါးလအတွင်း ကျပ်သိန်းသုံးထောင်ကျော် ရရှိထားတယ်လို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ခံ ဦးဇော်ထက်ကDNA ကို ပြောပါတယ်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံမှုကို ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လလယ်မှာ စမ်းသပ်ကောက်ခံမှုစတင်ခဲ့ပြီး ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ကျပ်သိန်းသုံးထောင်ကျော်ရရှိခဲ့တာ ဖြစ်တယ် လို့သူကပြောပါတယ်။
“ရရှိလာတဲ့အခွန်ရဲ့သုံးဆယ် ရာခိုင်နှုန်းကိုကျွန်တော်တို့ကNUG အစိုးရကိုအခွန်ဆောင်ရတယ်၊ ကျန်တဲ့သုံးဆယ် ရာခိုင်နှုန်းကိုပုလဲ ပ.အ.ဖက ပညာရေး ၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး နဲ့ လူသားချင်း စာနာမှု တွေအတွက်စီမံပေးရတယ်၊ လေးဆယ်ရာခိုင်နှုန်းကတော့ပကဖရဲ့လုပ်ငန်းစဉ်တွေမှာသုံးရတယ်”လို့ ဦးဇော်ထက်ကပြောပါတယ်။
ငါးလတာ အခွန်ကောက်ခံရရှိမှု အခြေအနေတွေအရ ကျပ်သိန်းတထောင်အထိအများဆုံး ကောက်ခံရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ ကျပ်သိန်း(၄၆၀)ကျော်သာ ရတယ်လို့ သိရပါတယ်။
အရင်က ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အခွန်ကောက်ခံတာတွေမလုပ်ခဲ့ပေမယ့် ပုလဲမြို့နယ်အတွင်း လမ်းပိုင်း တွေမှာရှိတဲ့ စစ်ဆေးရေးဂိတ်အများအပြားက အခွန်ကောက်ခံတာတွေရှိနေတယ်လို့ တိုင်ကြားမှုတွေရှိလာတာ ကြောင့် ပ.အ.ဖက အခွန်ကောက်ခိုံ့စီစဉ်ခဲ့တာဖြစ်တယ်လို့ ဦးဇော်ထက်က ဆိုပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အခွန်ကောက်ခံမှုဆိုင်ရာ ထုတ်ပြန် ချက်အရ အဲ့ဒီမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်၊ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာမှုအတွက် စစ်ဆေး ရေးဂိတ် ကိုးခုရှိပြီး ဂိတ်တခုကိုသာ အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။
“အရင်ကဆိုရင်ကျွန်တော်တို့ဂိတ်တွေကိုဖြတ်သွားရင်မျက်နှာထားတင်းတင်းနဲ့အကြောင်းမရှိအကြောင်းရှာပြီး အ တင်းအကျပ်ငွေကောက်ခံနေတာတွေကျွန်တော်တို့ကြုံရတယ်၊လမ်းမှာဟိုနေရာကကောက်လိုက်ဒီနေရာက ကောက်လိုက်နဲ့ဘယ်သူတွေမှန်းကိုမသိဘူး၊ ပုလဲမှာက ကျွန်တော်တို့သွားလိုက်တယ်၊ပထမဂိတ်မှာစလစ် ပေး လိုက်တယ်၊နောက်ဂိတ်တွေကျရည်ရည်မွန်မွန်ပဲခွင့်ပေးတယ်”လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စစ် ဆေး ရေးဂိတ်တွေကို ဖြတ်သန်းသွားလာလေ့ရှိတဲ့ ယာဉ်မောင်းတဦးကပြောပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဂိတ်တွေကလွဲလို့ တခြားနေရာတွေမှာ ဂိတ်တွေဖွင့်ပြီး ငွေကြေးကောက်ခံမှုရှိရင် ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်ပြီး တရားမဝင်ဘူးလို့ ပုလဲပြည်သူ့အုပ်ချုပ်ရေး အ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ စိုးမိုးနယ်မြေထဲက လမ်းပိုင်းတွေကို အသုံးပြုဖြတ်သန်းလာတဲ့ အိမ်စီးကား တွေနဲ့ ကုန်တင်ယာဉ်တွေကို အမျိုးအစားအလိုက် ကားတစီး ကျပ်သုံးထောင်ကနေ ကျပ်သုံးသောင်းခွဲအထိ သတ် မှတ်ကောက်ခံနေတယ်လို့သိရပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်တဲ့ မူဝါဒတရပ်ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်အရ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ NUG က သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း အခွန်ကောက်ခံဖို့ ဖော်ပြထားပါတယ်။
အခွန်ရငွေစုစုပေါင်းရဲ့သုံးဆယ်ရာခိုင်နှုန်းကို NUG အစိုးရစီမံခန့််ခွဲမှုအောက်မှာ ထားရမှာဖြစ်ပြီး NUG အစိုးရ အ တွက် ရလာတဲ့ အခွန်ငွေထဲက ဆယ်ရာခိုင်နှုန်းကို ဒေသအချင်းချင်းမျှဝေသုံးစွဲဖို့ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျန်တဲ့အခွန်ရငွေကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သုံးဆယ်ရာခိုင်နှုန်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က လေး ဆယ်ရာခိုင်နှုန်း ခွဲဝေစီမံကာ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ NUGရဲ့ ကြားကာလအ ခွန်သုံးစွဲခြင်းဆိုင်ရာ မူဝါဒမှာဖော်ပြထားပါတယ်။