စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်တဦးကို ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ တာဟန်းကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ တွေကပြောပါတယ်။
“ဆိုင်ကယ်စီးလာတာကိုပစ်တော့ ပုခုံးကိုမှန်သွားတာ၊မှန်ပြီးတော့နည်းနည်းဆက်စီးသေးတယ်၊ပြီးတော့ ဆိုင် ကယ်လဲသွားတယ်၊ဆိုင်ကယ်လဲပြီးတော့လဲ သူကထပြေးတယ်၊လက်ပံချောင်းလမ်းဘက်ရောက်မှလဲသွားတာ” လို့ မျက်မြင်တဦးကပြောပါတယ်။
အပစ်ခံရတဲ့လူငယ်ဟာ ချင်းပြည်နယ်ဖလမ်းမြို့က လူငယ်တဦးဖြစ်ပြီး မလေးရှားသွားဖို့ ကလေးမြို့မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လာရောက်လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၁၀ ရက်နေ့မနက်ပိုင်းမှာ ကလေးမြို့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ခဲ့ ကြ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာ မကြာ ပစ်ခတ်တိုက်ခိုက်ခံနေရသလို စစ်တပ်ကလည်း အခုလို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်တတ် တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု မကြာမကြာ ရှိနေပါတယ်။
ဆိုင်ကယ်စီးလာတဲ့ အရပ်သားလူငယ်ပစ်သတ်ခံလိုက်ရတဲ့ ဇန်နဝါရီ (၉)ရက် မနက်ပိုင်းမှာ ကလေးမြို့ တာဟန်း ရပ်ကွက်က ဝယ်စလီဆေးရုံအနီးမှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး တဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုအတွင်းမှာလည်း ဒေသခံ အ ရပ်သားတဦး သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။
ကလေးမြို့ပြပြောက်ကျား အဖွဲဖြစ်တဲ့ Operation Mo Mo အဖွဲ့ကတော့ စစ်တပ်ကပစ်ခတ်တိုက်ခိုက်ခံ ရပြီး နောက် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့လို့ အရပ်သားတဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ် ။စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရတဲ့တနေ့တည်းမှာ အရပ်သားနှစ်ဦးပါသေဆုံးခဲ့ရတာဖြစ်ပါတယ်။
မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လေ့ရှိတဲ့ ကလေးမြို့ တာဟန်းရပ်ကွက်က လမ်းမကြီးကို စစ်ကောင်စီက ပုံမှန် ညနေခြောက်နာရီဝန်းကျင်မှာ ပိတ်ထားလေ့ရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။