ယူကရိန်းစစ်သည် ခြောက်ရာကျော်ကို သုတ်သင်ခဲ့တယ်ဆိုတဲ့ ရုရှားအဆိုကို ယူကရိန်း ပယ်ချ

တိုက်ခိုက်မှု တစ်ခုအတွင်းမှာ သူတို့ရဲ့ စစ်သား အယောက် ၆၀၀ လောက် သေဆုံးသွားခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ ထုတ်ပြန်ချက်ကို ယူကရိန်းက ငြင်းပယ်သွားခဲ့ပါတယ်။

ဒီကိစ္စဟာ ရုရှားဖက်က မဟုတ်မမှန် ဝါဒဖြန့်မှုထက် မပိုဘူးလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ အစောပိုင်းမှာ ရုရှားက ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ခရာမာတိုရော့စ်ခ်မြို့ကို ဒုံးကျည်တွေ အုံနဲ့ကျင်းနဲ့ ပစ်ခတ်ပြီး ရန်သူစစ်သား ၆၀၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ ဒီအဆိုကို ခိုင်မာစေမယ့် ဘယ်လို အထောက်အထားမျိုးကိုမှ ရုရှားအနေနဲ့ မပြသနိုင်ခဲ့ပါဘူး။

ဒါဟာ နှစ်သစ်ကူး အကြိုနေ့တုန်းက ယူကရိန်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရုရှားစစ်သည်တွေ ဒါဇင်ပေါင်း အတော်များများ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် လက်စားချေတာလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်း စစ်ဘက်ကတော့ ခရာမာတိုရော့စ်ခ်မှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ အများအပြား ကျဆုံးခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ ထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ယတိပြတ် ငြင်းခဲ့ပါတယ်။

အခုကိစ္စဟာ ရုရှားရဲ့ နောက်ထပ် ဘာမှ ထိရောက်မှု မရှိတဲ့ ဝါဒဖြန့်မှု တစ်ခုသာ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆာဟီ ချီရီဗာတီက ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ရဲ့ ဒုံးကျည်တွေဟာ ယူကရိန်း စစ်သည်တွေ ယာယီ တပ်စွဲထားတဲ့ အဆောက်အအုံ နှစ်ခုကို တည့်တည့်မတ်မတ် ထိမှန်အောင် တိုက်ခိုက်ပြီး ရန်သူ တပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အဆောက်အအုံ နှစ်ခုမှာ စုစုပေါင်း ယူကရိန်း စစ်သည် ၁၃၀၀ လောက် တပ်စွဲထားတယ်လို့လည်း ရုရှားက အခိုင်အမာ ပြောပါတယ်။

အခုအချိန်ထိတော့ ရုရှားဟာ ယူကရိန်း စစ်သည် အများအပြားကို သုတ်သင်နိုင်ခဲ့တယ် ဆိုတာကို ဘယ်လို အထောက်အထားမှ မပြသနိုင်သေးပါဘူး။ ဂြိုဟ်တု ဓာတ်ပုံတွေအရ ခရာမာတိုရော့စ်ခ် မြို့ထဲမှာ တစ်မိုင်လောက်ခြားတဲ့ ကျောင်းအဆောက်အအုံ နှစ်ခု တိုက်ခိုက် ခံထားရတယ် ဆိုတာကို အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတာမျိုး၊ လူတွေ အုံနဲ့ကျင်းနဲ့ သေကြေနေတာမျိုး ရုရှားပြောသလို အနေအထားမျိုးတွေတော့ မျက်မြင် မတွေ့ရပါဘူး။

ခရာမာတိုရော့စ်ခ် မြို့တော်ဝန်ကတော့ မြို့ထဲက ပညာရေး အဆောက်အအုံ ၂ ခု၊ လူနေ ဧရိယာ ၈ ခုနဲ့ ကားဂိုဒေါင်တွေ တိုက်ခိုက်ခံရတယ် ဆိုတာကို အတည်ပြုပေမယ့် အသေအပျောက် မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။