မန္တလေးတိုင်း၊ မြင်းခြံမြို့ ဆင်ချောင်းရွာဖက်ကနေ မကွေးတိုင်း ရေစကြိုမြို့ ပန်းညိုရွာကို ဧရာဝတီမြစ်ကူးက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မနေ့ ဇန်နဝါရီ ၇ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေက မြစ်လယ်မှာတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြင်းခြံ 21 Gurilla Force က ခေါင်းဆောင် တဦးကပြောပါတယ်။
” စက်လှေ တစီးကို အင်အား ၂၀ လောက်တင်ပြီး လာတယ်။ နောက်ဆုံးတစီးကျတော့ လက်နက်တွေတင်လာတာပါ။ ကျနော်တို့ ကမ်းထိပ်ကနေစောင့်ပစ်တာပါ။ လှေ ၂ စီးကတော့မြုပ်သွားတယ်။ လူတွေလည်း ရေထဲမျောသွားတာပေါ့ မြစ်အောက်ဖက်မှာ လူနာတင်ကားနဲ့ စောင့်သယ်သွားတယ်လို့သိရပါတယ် ” လို့ သူကပြောပါတယ်။
အဲဒီတိုက်ပွဲကို မြင်းခြံ 21 ပျောက်ကြားအဖွဲ့နဲ့ အတူ မဟာမိတ် ဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ပန်းညိုရွာကို တပ်စွဲထားပြီး ရွာက သက်ကြီးရွယ်အိုတွေအပါအဝင် လူငယ် ၄၀ လောက်ကို ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
” ဒီကနေ့ကျတော့ စက်လှေငါးစီးနဲ့ ထပ်ကပ်လာတယ်။ ရွာမှာရှိတဲ့ ရိက္ခာတွေကို မြင်းခြံဖက် သယ်မလို့ပြင်ဆင်နေတယ်။ ရွာထဲကအိမ်တလုံးကိုလည်း မီးရှို့လိုက်တယ်။ ဖမ်းခံထားရတဲ့လူတွေက သူတို့လက်နက်ကြီးကြောင့် မပြေးနိုင်လို့ ပိတ်မိပြီးဖမ်းဆီးခံလိုက်ရတာပါ။ လူငယ်တွေကိုလည်း ရိုက်နှက်နေတယ် ” လို့ ရွာအနီးကဒေသခံကလည်းပြောပါတယ်။
လက်ရှိမှာတော့ ပန်းညိုရွာနဲ့ အနီးအနားကဒေသခံတွေက စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆက်သိရပါတယ်။