မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းရှေ့က ဆိုင်ခန်း ၃၀ ဝန်းကျင်လောက်ကို စစ်ကောင်စီလက်အောက်ခံစည်ပင်သာယာအဖွဲ့ကကျူးကျော်လို့သတ်မှတ်ပြီးဖျက်သိမ်းခိုင်း နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းမပေါ် က မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့စျေးဆိုင်ခန်း (၃၀ )ကျော်နဲ့ ရန်ကုန်-မော်လမြိုင်လမ်းမအနီးစျေးဆိုင်ခန်း (၅)ခု ကိုစည်ပင်နယ်နမိတ်အတွင်းကျရောက်နေတယ်ဆိုပြီး စစ်ကောင်စီစည်ပင်က ဖျက်သိမ်းခိုင်းတာလို့ဆိုပါတယ်။
“ဆိုင်ခန်း ၅ခန်းက လမ်းနယ်နမိတ်ပေါ်ရောက်နေတယ်၊ဒီလ၁၃ ရက်မှာ အပြီးဖျက်ပေးရမယ်၊မဖျက်ရင်စည်ပင်ဥပဒေနဲ့ကော လမ်းစည်းကမ်းဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးတော့ခြိမ်းခြောက်သွားတယ်”လို့ မြို့ခံတဦးကပြောပါတယ်။
ဖျက်သိမ်းခံရမဲ့မြသိန်းတန်ဘုန်းကြီးကျောင်းအနီးစျေးဆိုင်ခန်းတွေဟာမြသိန်းတန်ဆရာတော်ရဲ့ခွင့်ပြုချက်အရပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာမြို့နယ် စည်ပင်သာယာရေးကဆောက်လုပ်ခွင့်ပေးခဲ့တာလို့ မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
လက်ရှိမှာဆိုင်ခန်းတွေနဲ့ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင်တွေက စစ်ကောင်စီရဲ့စည်ပင်ဌာနကိုအသနားခံစာတင်ရာမှာလည်း ပယ်ချခဲ့တာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလထဲမှာလည်း ကျိုက်ထို၊ တောင်ကလေးကျေးရွာအတွင်းက နေအိမ်အလုံး ၅၀ ကျော်ကို စစ်ကောင်စီတပ်နယ်မြေထဲကျရောက်နေတယ်ဆိုပြီး တပ်မ ၄၄ လက်အောက်ခံ ခလရ ၉၆ က ခြံစည်းရိုးအုတ်တံတိုင်းတွေကာပြီးဖျက်သိမ်းခဲ့ပါတယ်။