မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီကျော်ဝန်းကျင်ကရန်ကုန်ဘက်ကို မောင်းလာတဲ့ သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြိတ်မြို့ကနေ ရန်ကုန်ဘက်ကို ပြေးဆွဲလာတဲ့ သီဟမင်းခရီသည်တင်မှန်လုံကားဟာ ဒုံဝန်းကျေးရွာ အုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မပေါ်မှာ မိုင်းဆွဲခံခဲ့ရတာဖြစ်ပါတယ်။
မိုင်းဆွဲခံရတဲ့ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နဲ့ ခရီးသည်သုံးဦးတို့က လိုက်ပါစီးနင်းလာတာဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
“ ဖြစ်ချင်တော့လည်း ကားပေါ်မှာက ခရီးသည်သုံးဦးပဲ ပါလာသေးတယ်၊ သူတို့ကတော့ ဘာမှ မဖြစ်သွားတာ ကံကောင်းသွားတယ်” လို့သူက ပြောပါတယ်။
ပေါက်ကွဲမှုအရှိန်ကြောင့် ယာဉ်အစိတ်အပိုင်းတချို့နဲ့ မှန်တချို့ကွဲကျခဲ့ပြီး မှန်စလွှင့်စင်မှုကြောင့် ယာဉ်မောင်းဖြစ်သူနဲ့ ယာဉ်နောက်လိုက် တို့နှစ်ဦးမှာ မျက်နှာ၊ မျက်လုံး၊ ခေါင်း၊ ခြေလက်နဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ဒဏ်ရာအသီးသီးရရှိခဲ့တာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ ကားနောက်လိုက်နဲ့ ကားမောင်းသမားပဲ ဒဏ် ရာရတယ်၊ ခရီးသည် သုံးယောက်ကတော့ ဘာမှမဖြစ်ဘူး၊ ဖြစ်တဲ့အချိန်မှာပဲ တချက်ကြောက်
လန့်ပြီး သွားကြတာ၊ သူတို့ဘေးကင်းပါတယ်၊ နှစ်ယောက်က သူတို့က အခုဆေးရုံမှာပါ၊ ယာဉ်မောင်း ကတော့ မျက်စိထိသွားတယ်ပေါ့၊ စပယ်ယာကတော့ပါးစပ်တို့ မျက်နှာတို့မှာ ထိတယ်၊ တခြား ခြေလက်တွေမှာလည်း ထိတယ်၊ ကားကတော့ မိုင်းဆွဲခံရတာဆိုတော့ မှန်တွေတော့ တစ်စီးလုံးကြွေမွ သွားတာပဲ၊ကျည်ဒဏ်ရာ(ကျည်ပေါက်)တွေလည်း ထိတယ်” လို့ သီဟမင်းယာဥ်လိုင်းက တာဝန်ရှိ သူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းမှာလည်း မော်လမြိုင်ဘက်ကနေ မြိတ်ဘက်ကို ဆင်းလာတဲ့ ရွှေဝယ်သူခရီးသည်တင်ကားကို မွန်ပြည်နယ် ဘက် ခြမ်း မလွှဲတောင်အနီးမှာ အမည်မသိလက်နက် ကိုင် အဖွဲ့က ဓါးပြတိုက်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါ သေးပါတယ်။