ကမ္ဘာ့ဖလား ကာလမှာ မက်ဆီ နေထိုင်သွားတဲ့ ဟိုတယ်အခန်းကို ပြတိုက်ငယ် တစ်ခုအဖြစ် ပြောင်းလဲ

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ တည်းခိုသွားရာ ဟိုတယ်ခန်းကို ပြတိုက်ငယ် တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံး ကမ္ဘာ့ဖလားမှာ အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့အပြင် ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမား ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတစ်ကြိမ် မတိုင်ခင် အာဂျင်တီးနားအသင်း နောက်ဆုံး ကမ္ဘာ့ဖလား ရရှိခဲ့တာက မက်ဆီ မမွေးခင် ၁ နှစ်အလိုလောက်မှာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ကာတာရဲ့ တာဝန်ရှိသူတွေက မက်ဆီ တည်းခိုသွားရာ အခန်းကို ပြတိုက်ငယ် တစ်ခုအနေနဲ့ ပြောင်းလဲပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ စီစဉ်နေပါတယ်။ ကာတာ တက္ကသိုလ် ဝင်းထဲက ဟိုတယ်ရဲ့ သမိုင်းဝင် အခန်းငယ်လေးကို ပြတိုက်အဖြစ် ပြောင်းလဲသွားမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
ကမ္ဘာပေါ်မှာ အခမ်းနား အကြီးကျယ်ဆုံး ဘောလုံးသမား တစ်ယောက်ဟာ ဒီအခန်းလေးမှာ တစ်လလောက် နေထိုင်ရင်း သူ့ဘဝရဲ့ ဂုဏ်အယူရဆုံး အောင်မြင်မှုကို ရယူသွားတယ်ဆိုတဲ့ အမှတ်တရ သမိုင်းကြောင်းကို ထိန်းသိမ်းထားဖို့ အခုလို စီစဉ်ခဲ့တာလို့ ဟိုတယ် အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။
အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ဆော်ဒီ အာရေးဘီးယားကို အမှတ်မထင် အရေးနိမ့်သွားခဲ့ပေမယ့် မက္ကဆီကို၊ ပိုလန်၊ ဩစတြေးလျ၊ နယ်သာလန်၊ ခရိုအေးရှားနဲ့ ပြင်သစ်တို့ကို ဆက်တိုက် အနိုင်ယူပြီး ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာ အကြီးဆုံး ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တီးနားတို့ရဲ့ ဖလားလုပွဲကတော့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် အကြိတ်အနယ် အရှိဆုံး ဗိုလ်လုပွဲ တစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရပြီး ပွဲချိန် မိနစ် ၁၂၀ အတွင်း ၃ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်ကျမှ အာဂျင်တီးနားက အနိုင်ရ ဗိုလ်စွဲသွားခဲ့တာပါ။ ပြင်သစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ လက်တစ်ကမ်းထိ အနီးစပ်ဆုံး ဖြစ်ခဲ့ပြီးမှ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။