
ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေပြီး ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၆၀ စင်တီမီတာဖြစ်ကာ လက်ရှိမှာ ၁၁၃၈ ရှိနေသလို နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထုတ်ပြန်ထားပါတယ်။
၁၃၊ ဩဂုတ်။
တာဘောင်နိမ့်ဆင်းလို့ လူအားနဲ့ မြေဖို့နေကြတဲ့ ဇလွန်မြို့နယ် ညောင်ပင်သာရွာအနီး ရေပေါက်ကြီးကျေးရွာမှာ ဧရာ၀တီမြစ်ရဲ့ မြစ်ကမ်းပါး ဆက်တိုက်ပြိုဆင်းနေတာကြောင့် လူနေအိမ် ဆယ်လုံးကျော် အရေးပေါ် ရွှေ့ပြောင်းထားရပြီး ကမ်းပြိုတဲ့နေရာနဲ့ ရေကာတာအကြား အကွာအဝေးက ပေ ၁၀၀ နီးပါးသာ ကျန်ရှိတော့တာပါ။
“ကျွန်တော်တို့က စိတ်ပူတာကတော့ ညောင်ပင်သာကို မပူပါဘူး။ ညောင်ပင်သာက အတွေ့အကြုံရှိတယ်။ လူနဲ့ လုပ်လို့ရတယ်။ ရေပေါက်ကြီးဝဲကတော့ လူအားနဲ့မရဘူး။ အခုလည်း ပညာရှင်တွေလည်း ပါပါတယ်၊ ဆင်းကြည့် တယ်။ ပြီးရင်တော့ နိုင်ငံတော်အဆင့်ဆောင်ရွက်ဖို့တော့ အကြံပြုထားပါတယ်” လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်က ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ညောင်ပင်သာရွာအနီး တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အိဆင်းသွားတာကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဒေသခံလုပ်အားပေး လူဦးရေ ထောင်ဂဏန်းနီးပါးနဲ့ တာဘောင်ကို သဲအိတ်တွေနဲ့ ဆည်ဖို့နေကြပြီး ညောင်ပင်သာတာကတော့ စိတ်ချရတဲ့အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“တနေ့က ညနေငါးနာရီလောက်ကနေ ကမ်းပြိုနေတာ။ ရေဝဲကြောင့်ပြိုတာ။ အိမ် ၁၁ လုံး ရွှေ့ထားလိုက်ရပြီ။ ထပ်ပြီးလည်း ပြိုနေတယ်။ တာဘောင်နဲ့ဆိုရင် ပေတရာနီးပါးလောက်ပဲ ရှိတော့တယ်။ ဆက်တိုက်ပြိုလာမယ်ဆိုရင် တာကျိုးတဲ့အထိ ဖြစ်နိုင်တယ်။ အဲဒါ အရမ်းစိုးရိမ်နေကြတယ်” လို့ အဲဒီနေရာကို သွားကြည့်ထားတဲ့ ဇလွန်ဒေသခံ တဦးက ပြောပါတယ်။
ဧရာ၀တီမြစ်ကမ်းဘေးမှာရှိတဲ့ ညောင်ပင်သာရွာအနီး တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အိဆင်းသွားတာကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဒေသခံလုပ်အားပေး လူဦးရေ ထောင်ဂဏန်းနီးပါးနဲ့ တာဘောင်ကို သဲအိတ်တွေနဲ့ ဆည်ဖို့နေကြပြီး ညောင်ပင်သာတာကတော့ စိတ်ချရတဲ့အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
“တာအဟောင်းကို အပေါ်ကဖို့တယ်။ အိတဲ့နေရာတွေကို သဲအိတ်ချတာ သုံးသောင်းနီးပါးလောက် ရှိနေပြီ။ အဲဒီကို တခါထပ်ပြီးတော့ Geo Bag အတုပေ့ါဗျာ၊ Geo Bag အတုပုံစံမျိုး။ နောက်ထပ် အဲဒီတာကြီးကို ဘေးကနေ ပေရာချီပြီးတော့ လုပ်နေပါတယ်” ဇလွန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်က ပြောပါတယ်။
အဲဒီလို ညောင်ပင်သာတာဘောင် ဆည်ဖို့နေကြတဲ့အချိန် ဩဂုတ်လ ၁၁ ရက်နေ့မှာပဲ ညောင်ပင်သာနဲ့ တမိုင်ကျော် အကွာ ရေပေါက်ကြီးရွာမှာ ကမ်းပြိုလာခဲ့တာပါ။
လက်ရှိမှာ ရေပေါက်ကြီးရွာ ကမ်းပြိုတာကို တားဖို့ ဝါးတွေစိုက်ကာ သဲတွေဖို့ဖို့ ပြင်ဆင်နေကြတယ်လို့ သူကပြောပါတယ်။ ရေပေါက်ကြီးရွာအနီး မြစ်ကမ်းဟာ အရင်နှစ်တွေတုန်းက ဆောင်းတွင်းရောက်မှ ကမ်းပြိုတာဖြစ်ပြီး အခုနှစ်မှာ မိုးတွင်းကာလ ပြိုနေတာကြောင့် ထူးခြားကာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလို စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် ရေပေါက်ကြီးရွာ မြစ်ကမ်းကို လုပ်နေကျအတိုင်း လူအားနဲ့ ဝါးစိုက်၊ သဲဖို့တာထက် နိုင်ငံတော်အဆင့် ပညာရှင်တွေနဲ့ ကာကွယ်ရေးအစီအမံတွေလုပ်ဖို့ တင်ပြထားတယ်လို့ ဦးချိုမြင့်ခိုင်က ပြောပါတယ်။
“ကျွန်တော်တို့လည်း သက်ဆိုင်ရာကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်။ ကျွန်တော်လည်း ဖေ့ဘုတ်မှာ တင်ထားပါတယ်။ ဒါကို သိပ္ပံနည်းကျ ကာကွယ်ဖို့ပေ့ါဗျာ။ အချိန်မီကာကွယ်ဖို့ အဲဒါမျိုးလေးတော့ အစိုးရကိုလည်း အကြံပြုထားပါတယ်။ ဝဲကတော့ လူအားနဲ့ ကာလို့မရဘူး။ ပညာရှင်အနေနဲ့လုပ်ရမှာ” လို့ သူက ဆိုပါတယ်။
အဲဒီ ဧရာဝတီမြစ်ထိန်းတာသာ ကျိုးသွားခဲ့ရင် ဧရာဝတီတိုင်းတခုလုံး ရေလွှမ်းသွားနိုင်တာကြောင့် အရေးတကြီး အချိန်မီ ကာကွယ်ရေးလုပ်ကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုက ညောင်ပင်သာမှာလည်း လုပ်အားပေးတွေနဲ့ပဲ လုပ်နေကြတာ။ အစိုးရက စက်လှေနဲ့ သဲစုပ်ပေးတယ်။ ဘာမှ သိပ်အားစိုက်တာ မရှိဘူး။ စက်ယန္တရားတွေနဲ့ သေချာလုပ်စေချင်တယ်။ ဖြစ်သွားရင် မလွယ်ဘူး။ လေးမျက်နှာလို ထပ်မဖြစ်စေချင်ဘူး” လို့ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဟင်္သာတမြို့မှ ဒေသခံတဦးက ပြောပါတယ်။
ဇလွန်မြို့နယ်အတွင်းက မြစ်ကမ်းတလျှောက် ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြိုကျ၊ ပျက်စီးတာတွေ နှစ်တိုင်းရှိနေပြီး ဒါတွေဟာ မြစ်ကြောင်းတလျှောက် မြစ်သဲ၊ ကျောက် အလွန်အကျွံ စုပ်ယူတာနဲ့ ကျိုးကြောင်းဆက်စပ်မှု ရှိနေပြီး သတ်မှတ်ပမာဏထက် တရားမဝင် စုပ်ယူနေတာတွေကို အစိုးရက ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်မြစ်တဲ့ ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာ မြို့တည့်တည့် နေရာက ကျိုးကျသွားခဲ့တာကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့နယ်အတွင်းက ပြည်သူ သောင်းချီ ရေဘေးသင့်နေပြီး နှစ်ပတ်ကြာတဲ့အထိ တာပေါက် မပိတ်နိုင်သေးပါဘူး။
ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေပြီး ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၆၀ စင်တီမီတာဖြစ်ကာ လက်ရှိမှာ ၁၁၃၈ ရှိနေသလို နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထုတ်ပြန်ထားပါတယ်။
#ဧရာဝတီတိုင်း #ဇလွန် #ရေပေါက်ကြီးရွာ #ဧရာဝတီမြစ်ရေ
#DeltaNewsAgency #DNA