အင်းတော်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာလို့ လေကြောင်းက တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက မဲဇာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာက နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ Indaw Revolution -IR အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီနှစ်ဘက် ထိတွေ့တိုက်ပွဲဟာ သုံးနာရီဝန်းကျင်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများသလို KIA ပူးပေါင်းတပ်ဘက်ကလည်း သုံးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးခြောက်လုံးကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“(စစ်တပ်) က မဲဇာရွာထဲကို ဝင်တဲ့အခါမှာ အထမ်းနဲ့ထမ်းပြီးတော့ သယ်လာတဲ့ဟာ လေးငါးခြောက်ယောက်ပါတယ်၊ နောက်ပြီးတော့ သေနတ်တွေ တော်တော်များလွယ်ထားတယ်၊ တစ်ယောက်ကို နှစ်လက်သုံးလက် လောက်လွယ်ထားတယ်၊ ဒဏ်ရာရတဲ့ဟာလည်း တွဲခေါ်လာတဲ့ဟာလည်း တော်တော်များတယ်လို့ မဲဇာဘက်က သတင်းရရှိပါတယ်” လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မဲဇာရဲစခန်းအနီးမှာ လက်နက်ကြီးနှစ်လုံးကျသလို အလယ်ဆိပ်ကျေးရွာမှာ လက်နက်ကြီးလေးလုံးကျပေမယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ စစ်တပ်က အလယ်ဆိပ်ကျေးရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဈေးဆိုင်ခန်းတွေ၊ စာကြည့်တိုက်အပါအဝင် နေအိမ် ၂၆ လုံးနဲ့ စပါးတင်းပေါင်းထောင်ချီ မီးလောင်ပျက်ဆီးသွားတယ်လို့ Indaw Revolution -IR ကထုတ်ပြန်ထားပါတယ်။

စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို အလယ်ဆိပ်ရွာ မီးရှို့ဖျက်ဆီးချိန်မှာ ထည့်သွင်းမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီလို ထိတွေ့တိုက်ပွဲနဲ့ လေကြောင်းပစ် ခတ်မှုတွေကြောင့် အလယ်ဆိပ်ရွာ၊ မဲဇာရွာနဲ့ နန့်သဲရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

အင်းတော်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ (၂၆) ရက် မနေ့က မနက်ပိုင်းမှာလည်း အင်အားတရာကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲအပြီးမှာလည်း စစ်တပ်က မိုးလှိုင်းကုန်းရွာက နေအိမ် (၁၆) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution -IR က ထုတ်ပြန်ပါတယ်။