တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မှာ ဒေသခံရာချီ တိမ်းရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ နေ့စဉ်ဖြစ်နေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ မြို့နားအနီးတဝိုက်ထိ စစ်မြေပြင် ကျယ်ပြန့်လာတာကြောင့် မြို့ပေါ်နေသူတွေနဲ့ မြို့အနီးနားပတ်ဝန်းကျင်က ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

လက်ရှိမှာ ကော့ကရိတ်မြို့ထဲက ချောင်းတောင်အောက်စုဘက်နဲ့ အာရှလမ်းတဝိုက်၊ ဆေးရုံကုန်းအနီးက ဝင်းကြီးရပ်ကွက်တွင်း ဘုန်းကြီးကျောင်းတွေ၊ မြို့တော်ဦးတဝိုက်နဲ့ ရွေကြက်မင်းဘုန်းကြီးကျောင်းနားတွေမှာ စစ်တပ်ကတပ်စွဲတာတွေ ရှိနေတာကြောင့် စစ်ပွဲတွေမြို့ထဲထိရောက်လာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

“အလုံးကြီး(လက်နက်ကြီး)တွေတော့ အချိန်တိုင်းထုနေတာပဲ၊ လေယာဉ်တွေ လာကြဲချတာကလည်း မြို့နဲ့တော်တော်နီးတယ်ရယ်၊ လက်နက်သေးသံတွေလည်း တချက်တချက်ကြားရတယ်၊ တချို့က သာမညတို့ဘာတို့ တခြားအေးချမ်းတဲ့ရွာတွေဘက် ပြေးကြတယ်” လို့ ကော့ကရိတ်ဒေသခံတဦးကပြောပြပါတယ်။

ကော့ကရိတ်မြို့နယ်တဝိုက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေရာက စစ်ကောင်စီဘက်က အချိန်အခါမရွေး ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်မှုလည်း မြင့်တက်လာနေပြီး ဒီကနေ့ ဒီဇင်ဘာ (၂၆) ရက်မှာလည်း ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျလို့ သံဃာတော်တပါး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

“အလုံးကြီး(လက်နက်ကြီး) တလုံးပစ်တာ ထန်းပင်ကုန်းနားက ရွှေကြက်မင်းဆွမ်းစားကျောင်း တည့်တည့်ထိပြီး ဘုန်းကြီးငါးပါးထိတယ်တဲ့၊ လူနာတင်ကား အောက်ဘက်ဆင်းသွားတာကြားတယ်၊ ဘားအံဆင်းရတာထင်တယ်” လို့ ဒေသခံတဦးက ဒီကနေ့ နေ့လယ်ပိုင်း အခြေအနေကို ပြောပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်အသုံးပြု တိုက်ခိုက်နေတာကြောင့် ကော့ကရိတ်မြို့အနီးတဝိုက်က ကော့နွဲ၊ သာယာကုန်း၊ ထန်းပင်ကုန်း စတဲ့ ကျေးရွာတွေအပါအဝင် အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

မြို့နားတဝိုက်မှာ နေ့စဉ်ရက်ဆက်ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကြောင့် ဆွေမျိုးတွေရှိရာ မြို့တွေဆီ သွားရောက်တိမ်းရှောင်နေထိုင်သူတွေရှိသလို ခိုလှုံစရာနေရာမရှိလို့ သက်ဆိုင်ရာ ရပ်ရွာမှာပဲ ပုန်းအောင်း နေထိုင်နေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ညီမတို့က ရွာဘက်ခြမ်းမှာလေ ဘယ်မှမသွားဖြစ်ဘူး၊ သတိနဲ့ပဲ နေနေရတယ်၊ ညဆိုရင် ကျင်းပုန်းမှာပဲအိပ်ရတယ်၊ မနက်ဆိုရင်တော့ လုပ်စရာရှိတာ လုပ်ရတာပေါ့၊ အမြဲတမ်းသတိထားရတယ်၊ ကျင်းပုန်းနဲ့အနီးဆုံးမှာပဲ နေထားတယ်” လို့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသအနီးက ရွာခံတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲတွေဟာ ဒီဇင်ဘာလ ၁၆ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆယ်ရက်ဝန်းကျင် ကြာလာတဲ့ထိ နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေဆဲမို့ ဒေသခံပြည်သူတွေဟာ အသက်အန္တရာယ်အပြင် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအပါအဝင် လူမှုဘဝ အခက်အတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်သားတွေ အများအပြားသေဆုံး၊ ဒဏ်ရာရခဲ့ကြသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။