NLDပန်းတနော်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတင်မင်းထွဋ်ကို စစ်တပ်ကထောင်ဆယ်နှစ်ချ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ်သလို ဧရာ၀တီတိုင်း ပန်းတနော်မြို့နယ် က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်ကို စစ်ကောင်စီရဲ့ ပုသိမ်ထောင်တွင် တရားရုံးက ထောင် ၁၀နှစ်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်းကဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်ကို စစ်ကောင်စီ ကနိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂ ၊ ၁၂၄ တို့ နဲ့ စွပ်စွဲတရားစွဲဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ‌ထောင် ၁၀နှစ်ချလိုက်တာလို့ဆိုပါတယ်။
“ဒေါက်တာကြီးကို CRPH မှာပါဝင်တယ်ဆိုပြီးနိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ် ၂ ခု နဲ့ ထောင် ၁၀ နှစ် အမိန့်ချ လိုက်တယ် ။ ဥပဒေကြောင်းအရဘာမှ ခုခံချေပ ခွင့်မရဘူး ။စွဲချက်တင်တဲ့အတိုင်း အပေါ်ချပေးတဲ့ အမိန့်ကို တရားသူကြီး ကဖတ်ပြသွားတာ”လို့ တရားလွှတ်တော် ရှေ့နေတစ်ဦး က DNA ကိုပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဖြစ်တဲ့ အသက် ၇၀ ဝန်းကျင်ရှိ ဒေါက်တာတင်မင်း ထွဋ် ဟာဧရာ၀တီတိုင်းအလုပ်အမှုဆောင်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တဦး လည်း ဖြစ်ကာ ၂၀၂၀ ခု နှစ်ရွေးကောက် ပွဲမှာ ပန်းတနော်မြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရွေးချယ်ခံရသူ ဖြစ်တယ် လို့ NLD ပါတီ အသိုင်းအဝိုင်း ကသိရပါတယ်။
သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို စတင် တည်ထောင် ဖွဲ့စည်းခဲ့တဲ့ ၁၉၈၈ ခုနှစ် ကတည်း ပါဝင် ခဲ့သူ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပန်းတနော်မြို့က နေအိမ်မှာ ၂၀၂၁ ခုနှစ် မေလ အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အင်အားသုံး ဝင်ရောက်ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။
“စစ်ကောင်စီ က ရွေးကောက်ပွဲ လုပ်မယ် ပြောပြီးအတိုက်အခံတွေကိုထောင်နှစ်ရှည်ချနေတာဟာ ရွေးကောက် ပွဲ ဝင်မယ့်ပါတီတွေအပေါ် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု လျော့ကျလာနိုင်တယ။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံရေးပါတီတွေ မဲ ရှုံး ရ တာမျိုးတွေ ရှိခဲ့ဘူးတယ်” လို့ NLD ပါတီ ရဲ့ အတိုက်အခံ ပါတီတခုကလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး ကပြောဆိုပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် နဲ့ ဒီဇင်ဘာလ တတိယ အပတ်အတွင်းမှာဧရာဝတီတိုင်း အတွင်းက အကျဉ်းထောင်အသီးသီးမှာဖမ်းထားတဲ့ နိုင်/ကျဉ်းတွေ အထဲက NLD လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ၊ ပါတီဝန်းရံသူ ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နဲ့ တော်လှန်ရေး အင်အားစုတွေအပါအဝင် လူ၇၀ကျော် ကို ထောင်နှစ်ရှည် ချထားပြီးဖြစ်တယ်လို့ တိုင်း အကျဉ်းဦးစီး ဌာနနဲ့ နီးစပ်သူတွေ ထံကသိရပါတယ်။