တူရကီရဲ့ မောင်းသူမဲ့ တိုက်လေယာဉ်အသစ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

တူရကီရဲ့ အနာဂတ် လေကြောင်းစိုးမိုးရေး မဟာဗျူဟာ လက်နက်တစ်ခုအဖြစ် ရည်ရွယ် တည်ဆောက်ထားတဲ့ မျိုးဆက်သစ် မောင်းသူမဲ့ တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် ပျံသန်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ Bayraktar Kizilelmaလို့ နာမည်ပေးထားတဲ့ မောင်းသူမဲ့လေယာဉ်ကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပျံသန်းစေခဲ့တယ်လို့ တူရကီရဲ့ ဒရုန်း နည်းပညာ ကုမ္ပဏီ Baykarက အခုအခါ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒရုန်းနည်းပညာတွေကို အဓိက အသုံးပြု တည်ဆောက်ထားတဲ့ တိုက်လေယာဉ်ကို မူလတုန်းက ၂၀၂၃ ခုနှစ်ကျမှ စမ်းသပ် ပျံသန်းဖို့ စီစဉ်ထားခဲ့တာပါ။

Kizilelmaကို အစ္စတန်ဘူလ်မြို့ အနောက်ဖက် မိုင် ၅၀ လောက် အကွာက ကော်လူ လေဆိပ်မှာ ဒီဇင်ဘာ ၁၄ ရက်က ပျံသန်းစေခဲ့တာလို့ ဆိုပါတယ်။ တိုက်လေယာဉ်ဟာ လေထဲမှာ ၁၈ မိနစ်ကြာ ပျံဝဲပြီးတဲ့နောက် လေဆိပ်ကို ချောချောမောမော ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။ အဲဒီ စမ်းသပ် ပျံသန်းမှုဟာ မောင်းသူမဲ့ လေယာဉ်ကို ဆက်လက် အဆင့်မြှင့်တင်ဖို့အတွက် အဖိုးတန် အချက်အလက်တွေ အများကြီး စုဆောင်း ရရှိစေခဲ့တယ်လို့လည်း Baykar ကုမ္ပဏီက ဆိုပါတယ်။

အနာဂတ်ကာလ စစ်ပွဲတွေမှာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ ရေစီးကြောင်းထဲမှာ တူရကီကလည်း လက်တွေ့ကျကျ စီးမျော လိုက်ပါဖို့ ကြိုးစားနေပါတယ်။

Kizilelmaကို Baykarက ကိုယ်ပိုင် ပရောဂျက် တစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က စတင် အကောင်အထည် ဖော်ခဲ့ပြီး နောက်ပိုင်းမှာတော့ တူရကီ အစိုးရကပါ ပံ့ပိုးလာခဲ့ပါတယ်။ လေယာဉ်ဟာ ၄ တန်ခွဲ ဝန်းကျင်လောက် လေးလံပြီး စစ်လက်နက် ၁ တန်ခွဲလောက်ထိ တင်ဆောင် ပျံသန်းနိုင်ပါတယ်။ ဒီလေယာဉ်ဟာ အမြင့် ပေ ၄၀၀၀၀ လောက်ထိ ပျံတက်နိုင်စွမ်းရှိပြီး ကနဦး စမ်းသပ်အဆင့်မှာတော့ အသံရဲ့ မြန်နှုန်းအောက်နဲ့သာ ပျံသန်းနိုင်ပါသေးတယ်။

စင်းလုံးချော ပြည့်စုံတဲ့ အဆင့်မှာတော့ တိုက်လေယာဉ်ဟာ မြန်နှုန်းမြင့် ပျံသန်းနိုင်မှာ ဖြစ်သလို ပြေးလမ်းတိုတဲ့ လေယာဉ်တင် သင်္ဘောတွေပေါ်မှာပါ လက်နက်အပြည့်အစုံ တပ်ဆင်ပြီး အဆင်းအတက် လုပ်နိုင်လိမ့်မယ်လို့ Baykarက ပြောကြားထားပါတယ်။