ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ကျေးရွာတွေကို ဒီဇင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေး (၂) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိတယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။
ကော့ကရိတ်မြို့ တောင်ပိုင်းဒေသတွင် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေဖြစ်တဲ့ ကော့နွဲ့ရွာတွေဘက်ကို စစ်ကောင်စီတပ်က ဒီနေ့ ၁ နာရီ မထိုးခင်မှာ လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်း ထိုးလာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အခု မြန်မာအချိန် (၁) နာရီ မထိုးခင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ အရမ်းထုကြတော့ ကော့နွှဲရွာမှာ ကလေး (၂) ယောက်၊ လူကြီး (၁) ယောက် ထိသွားတယ်။ သူတို့ကို ကုထုံဆေးရုံဆီကို ပို့ထားပါတယ်။ အခုလက်ရှိလည်း တပ်နဲ့ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အရင်တိုက်ပွဲမဖြစ်ခင် လက်နက်ကြီးတွေနဲ့ ပစ်ချတယ်။ ပစ်ပြီးတော့မှာ သူတို့က ကော့နွှဲရွာဘက် ဝင်လာတာ ဖြစ်ပါတယ်” လို့ စစ်ရေးအခြေအနေ သိရှိသူက ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကို ကုထုံဆေးရုံးဆီ ပို့ထားပြီး ကုသနေတယ်လို့လည်း ဆက်ပြောပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် ညလယ်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကော့ကရိတ်မြို့ တောင်ဘက်နဲ့ မြောက်ဘက်ခြမ်းရွာတွေကို လေယာဉ်နဲ့ ဗုံးလာကျဲလို့ အိမ်တချို့ ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို KNLA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိတချို့ သေဆုံးပြီး KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်လည်း ကျဆုံးမှု ရှိခဲ့တယ်လို့လည်း စစ်ရေးအခြေအနေ သိရှိသူက ပြောဆိုထားပါတယ်။