ထီးလင်းမှာ ပျူစောထီးသင်တန်းဆင်းတွေက စမ်းသပ်တယ်ဆိုပြီး မြို့ပေါ် ပစ်ခတ်

မကွေးတိုင်း၊ ထီးလင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေက သင်တန်းဆင်းပွဲမှာ မြို့ဝန်းကျင်က ကျေးရွာတွေကို စမ်းသပ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ထီးလင်းမြို့၊ ဆေးရုံသစ်နားကနေ ထီးလင်းမြို့ဝန်းကျင် အရပ်လေးမျက်နှာက ကျေးရွာတွေဘက်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” သူတို့ကို သွေးရဲသွားအောင် မြို့ပြင်ထွက်ပြီး ပစ်ခိုင်းတယ်ထင်ပါတယ်။ မြို့ပြင်တဖာလုံလောက်ထွက်ပြီးပစ်ကြတာ” လို့ ထီးလင်းဒေသက ကာကွယ်ရေးတပ်တခုဖြစ်တဲ့ YRA စစ်ဦးစီး သခင်ဇော်ကပြောပါတယ်။

အခုလို ပျူသင်တန်းဆင်းတွေရဲ့ စမ်းသပ်ပစ်ခတ်မှုကြောင့် အနီးနားဝန်းကျင်ကျေးရွာတွေဟာ ရွာထဲက ကျည်ကွယ်ရာတွေမှာ နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

” ဝါးရင်းချိုင်၊ ကွမ်းစဲ၊ အုန်းတွဲ အစရှိသဖြင့် မြို့ပတ်ဝန်းကျင်ရွာတွေဘက်ကို ပစ်တာ။ ဘယ်ရွာအပေါ်ကိုမှ ကျတယ်တော့ မကြားဘူး။ ကျရင်ချက်ချင်းသိရတယ်။ လက်နက်ငယ် အဓိကစမ်းတာ။ လက်နက်ကြီးရောပါတယ်။ စမ်းလည်းစမ်း ပြည်သူကိုလည်း ခြိမ်းခြောက်ပဲလေ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဟာ ပျူစောထီးတွေကို ဒီဇင်ဘာလ (၁၆) ရက်နေ့က ထီးလင်းမြို့ပေါ်မှာ လက်နက်တပ်ဆင်ပေးခဲ့ပြီး ပစ်ခတ်နည်းသင်တန်းတွေလည်း ပေးနေတယ်လို့လည်း ဒေသခံတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီသင်တန်းထဲက တချို့ကတော့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် သင်တန်းတက်ရောက်ရတာဖြစ်သလို တချို့ကတော့ အရင်တည်းက စစ်ကောင်စီ သတင်းပေးဖြစ်တယ်လို့လည်း ဆက်သိရပါတယ်။

ထီးလင်းမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ အထိနာလေ့ရှိတာကြောင့် အင်အားနည်းနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေမှာ ပျူတွေကို အစားထိုးအသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။