ရန်ကုန်မြို့၊ ကြည့်မြင့်တိုင်မြို့နယ် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)မှာ စက်တင်ဘာ ၁၃ ရက်နေ့ကလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အဖွဲ့ဝင် ၂ဦးနဲ့ယာဉ်မောင်းကိုစစ်ကောင်စီက ထောင် ၃နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။
ဖမ်းဆီးထောင်ချခံလိုက်ရသူတွေဟာ CTUM ရဲ့ ဆက်သွယ်ရေးတာဝန်ခံ မခိုင်သင်ဇာအေး ခေါ် မဘုတ်ဘုတ်နဲ့ အဖွဲ့ဝင် မအိဖြူမြင့်၊ ယာဉ်မောင်း ကိုဉာဏ်စိန်တို့ဖြစ်ကြပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး ဒီဇင်ဘာ ၁၅ရက်နေ့မှာ ထောင် ၃နှစ်စီချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
‘’ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကိုတောင်ပစ်သတ်သေးတာပဲ။ ဒါကတော့ အကြမ်းဖက်စစ်တပ်အတွက် ထူးခြားတဲ့ကိစ္စတော့မဟုတ်ဘူး။ သူတို့ဘက်ကဘယ်လိုပဲ လုပ်လုပ် ကျွန်မတို့အလုပ်သမားအဖွဲ့ချုပ်တွေကတော့လုပ်သားအခွင့်အရေး၊ဒီမိုကရေစီအခွင့်အရေးနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက် ဆက်ပြီးဆောင်ရွက်မှာပါ’’ လို့ CTUM က လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါဖြိုးစန္ဒာစိုးက DNAကိူပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ပန်းပင်နီလမ်းမှာ ရန်ကုန်ကတော်လှန်ရေးအင်အားစုတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားဝင်အဖြစ်အသိအမှတ်ပြုဖို့ နဲ့ တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြပြီး အဲဒီတောင်းဆိုဆန္ဒထုတ်ဖော်ပွဲကိုတော့ စစ်တပ်က အရပ်ဝတ်အိမ်စီးကားတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောဆိုထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း ရန်ကုန်ကြည့်မြင်တိုင်မြို့နယ်ကပန်းပင်နီလမ်းမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းထွက်နေတဲ့လူငယ်တွေကို စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့လို့ သတင်းသမားတွေအပါအဝင် ၂ဦးက အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့မှာပဲ သွေးမြေခခဲ့ရတဲ့ အဲဒီလမ်းမှာ လူပေါင်း ၁၁ ဦးဖမ်းဆီးခံလိုက်ရတဲ့နောက် တော်လှန်ရေးအင်အားစုကလူငယ်တွေက ပန်းပင်ကြီးလမ်းကို ပန်းပင်နီလမ်းအဖြစ်ပြောင်းလဲခေါ်ဆိုဖို့လူထုကိုတောင်းဆိုထုတ်ပြန်ထားကြပါတယ်။