အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ် မြို့တော်မှာ တရုတ် နိုင်ငံသားတွေ အသုံးများတဲ့ ဟိုတယ်တစ်ခုကို သေနတ်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် အကြမ်းဖက် တိုက်ခိုက်မှုမှာ ကဘူးလ်လွန်ဂန် ဟိုတယ်ဖက်က ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါ့အပြင် အာဖဂန်ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဟိုတယ်ဖက်ကို ဒရောသောပါး ထွက်ခွာသွားတာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
အဲဒီဟိုတယ်ဟာ ကဘူးလ်ရောက် တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ လူသိများတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဟိုတယ်နဲ့ တစ်ကီလိုမီတာလောက် အကွာမှာ ဖွင့်လှစ်ထားတဲ့ အီတလီ အန်ဂျီအို အဖွဲ့တစ်ခုရဲ့ ဆေးရုံက ရုပ်အလောင်း ၃ ခုနဲ့ ဒဏ်ရာရသူတွေ အပါအဝင် စုစုပေါင်း ၂၁ ဦးထိ ဆေးရုံ ရောက်လာကြောင်း ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ကဘူးလ် ရဲတပ်ဖွဲ့က ဟိုတယ်ကို ဝင်ရောက် စီးနင်းသူ ၃ ဦးကို သုတ်သင် ရှင်းလင်းခဲ့ပြီး ၁ ဦးကို အရှင်ဖမ်းမိတယ်လို့ ပြောပါတယ်။
တာလီဘန်တွေ ခန့်အပ်ထားတဲ့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဟိုတယ်ထဲမှာ ရှိနေတဲ့ ဧည့်သည် အားလုံးကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး နိုင်ငံခြားသားတွေ သေဆုံးမှု မရှိဘူးလို့ ပြောပေမယ့် သတင်းဌာနတွေက သီးခြား အတည် မပြုနိုင်သေးပါဘူး။
တာလီဘန်တွေရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ကဘူးလ်မှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သံအရာရှိတွေ အသွားအလာများတဲ့ ဟိုတယ်ကြီး တစ်လုံးကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအပြီး ဟိုတယ်တဝိုက်မှာ တာလီဘန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ခြေရှုပ်နေသလို ရဟတ်ယာဉ် တစ်စီးပါ ခေါက်တုံ့ခေါက်ပြန် ပျံဝဲနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
တရုတ်ဟာ အာဖဂန်နဲ့ ၇၆ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ တာလီဘန်တွေကို တရားဝင် အသိအမှတ် မပြုသေးပေမယ့် သံတမန် ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံ အနည်းစုထဲမှာတော့ ပါဝင်နေတယ်လို့လည်း သိရပါတယ်။