အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ အရပ်သား သုံးရာကျော်သေဆုံး

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ  ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးမှုသုံးရာကျော်ထိရှိလာတယ်လို့ တနင်္သာရီတိုင်းအတွင်းကသတင်းတွေကိုသုတေသနပြုစုထားတဲ့ Southern Monitor ရဲ့စစ်တမ်းအရသိရပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရတာနဲ့ သာမာန်ပြည်သူတွေကိုလုံခြုံရေးအကြောင်းပြချက်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာတွေကြောင့် အရပ်သားပြည်သူတွေသေဆုံးခဲ့ရတာလို့ဆိုပါတယ်။

 

အဲဒီထဲမှာတော့  ထားဝယ်ခရိုင် အတွင်းက ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ် နဲ့ သရက်ချောင်းမြို့နယ် တွေမှာ အရပ်သားသေဆုံးမှုအရေအတွက်ပိုများနေတယ်လို့ စစ်တမ်းတွေကဖော်ပြနေပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်း လောင်းလုံးမြို့နယ်မှာဆိုင်ကယ်စီးလာတဲ့လူငယ်တချို့ကို စစ်ကောင်စီတပ်သားတချို့ကဆိုင်ကယ်မရပ်ပေးတာကြောင့်ပစ်ခတ်ခဲ့လို့အသက်မပြည့်သေးတဲ့လူငယ်တွေသေဆုံးဒဏ်ရာရခဲ့ကြပါတယ်။

 

အဲဒီလိုဆိုင်ကယ်မရပ်ပေးလို့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဉ်ဟာ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ မတ်လထဲမှာဖြစ်ခဲ့ဖူးပြီး အသက် ၁၇နှစ်အရွယ်လူငယ်တဦးဟာလည်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

 

အခုလိုအရပ်သားသေဆုံးဦးရေရဲ့ ၇၈ရာခိုင်နှုန်းကတော့  အမျိုးသားတွေဖြစ်ပြီး ၁၅ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ကျန်တဲ့ ၇ရာခိုင်းနှုန်းကိုတော့ ကျား/မ မခွဲခြားနိုင်ဘူးလို့ Southern Monitor ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။

 

အရပ်သားသေဆုံးမှုဖြစ်စဉ်တွေထဲမှာတော့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊သွေးသောက်၊စွန်ရဲစတဲ့အဖွဲ့အစည်းတွေကြောင့် တက်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေနဲ့ NLD ပါတီတွေကိုပစ်မှတ်ထားသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် အရပ်သားသေဆုံးသူတွေထဲမှာ  ပျူစောထီး၊ သွေးသောက်၊စွန်ရဲ ၊ စစ်တပ်သတင်းပေးဆိုသူတွေ ၊ အုပ်ချုပ်ရေးမှုးနဲ့ ဝန်ထမ်းအပါအဝင်အချို့ဖြစ်စဉ်တွေမှာ အရပ်သားတချို့ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားစုဝင်တွေကိုပါထိခိုက်သေဆုံးမှုတွေပါဝင်တယ်လို့လည်း စစ်တမ်းကဖော်ပြနေပါတယ်။

 

တနင်္သာရီတိုင်းအတွင်းမှာတော့  ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ အာဏာသိမ်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲပေါင်း (၇၇၁) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

 

အခုစစ်တမ်းမှာဖော်ပြထားတဲ့ အရပ်သားသေဆုံးမှုတွေထဲမှာဆိုရင်လည်း နှစ်ဖက်တိုက်ပွဲကြားမှားယွင်းပစ်ခတ်ခံရမှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ပါဝင်ပါတယ်လို့ အဲ့ဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။