စပိန် လက်ရွေးစင် ဘောလုံးအသင်း မန်နေဂျာ အင်းနရစ် နုတ်ထွက်

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စိတ်ပျက်စရာ အခြေအနေမျိုး ကြုံခဲ့ပြီး စောစောစီးစီး ထွက်ခွာခဲ့ရတဲ့နောက် စပိန်အသင်းရဲ့ မန်နေဂျာ လူးဝစ် အင်းနရစ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

အင်းနရစ်ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွေဟာ သူကစားသမား အနေနဲ့ရော၊ မန်နေဂျာ အဖြစ်ပါ တာဝန်ယူခဲ့ဖူးတဲ့ ဘာစီလိုနာ အသင်းသားတွေ များပြားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ပြိုင်ပွဲမှာလည်း စပိန်ဟာ ဂျပန်ကို ရှုံးပြီး အုပ်စု ဒုတိယ အနေနဲ့သာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၆ သင်း ရှုံးထွက်အဆင့်မှာ မော်ရိုကို အသင်းကို ဂိုးမသွင်းနိုင်ဘဲ မိနစ် ၁၂၀ လုံး ဂိုးမရှိ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်သွားခဲ့ပါတယ်။

 

မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာ အင်းနရစ်က စပိန် အသင်းသားတွေ အနေနဲ့ ပင်နယ်တီ အလုံး ၁၀၀၀ လောက် ကန်သွင်းပြီး လေ့ကျင့် ပြင်ဆင်ထားတယ်လို့ ပြောခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ကန်သမျှ ၃ ကြိမ်စလုံး ဂိုးမဝင်ခဲ့ပါဘူး။

 

ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တဲ့ အဆင့်ထိ ထင်ကြေးပေး ခံထားရတဲ့ စပိန်လို အသင်းမျိုးက အဲဒီ အခြေအနေ ကြုံခဲ့တဲ့နောက် အင်းနရစ်ဟာ ဒီဇင်ဘာ ၈ ရက်မှာ ရာထူးကနေ တာဝန်ယူ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

 

စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF)က အင်းနရစ်ရဲ့ တာဝန်ယူပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အခုအခါမှာတော့ အမျိုးသား လက်ရွေးစင် အသင်းဟာ ပရောဂျက် အသစ်ကို အစပြုသင့်လာပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နောက်ပြီး အင်းနရစ်ရဲ့ နေရာမှာ စပိန် အသက် ၂၁ နှစ်အောက် လူငယ်အသင်းရဲ့ နည်းပြချုပ် လူးဝစ် ဒီလာ ဖျူယန်တီကို အစားထိုး ခန့်အပ်သွားမယ်လို့လည်း RFEFက အတည်ပြုသွားပါတယ်။ ဖျူယန်တီဟာ အသက် ၁၉ နှစ်အောက်ရော၊ ၂၁ နှစ်အောက်ပါ စပိန်လူငယ် အသင်းတွေကို ကိုင်တွယ်ဖူးပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ နှစ်သင်းစလုံးနဲ့အတူ ဥရောပ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

 

စပိန်ဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ကော်စတာရီကာကို ၇-၀ နဲ့ အနိုင်ကြီး နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အထင်တကြီး စောင့်ကြည့်မှုကို ခံခဲ့ရပေမယ့် နောက်ထပ် ကစားတဲ့ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ အခုဆိုရင် ကမ္ဘာ့ဖလားကနေ ထွက်ခွာသွားတဲ့ အသင်းတွေထဲမှာ ဘယ်လ်ဂျီယမ် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်၊ မက္ကဆီကို မန်နေဂျာ ဂီရာဒို မာတီနို၊ ဂါနာ မန်နေဂျာ အော့တို အက်ဒိုနဲ့ တောင်ကိုရီးယား မန်နေဂျာ ပေါ်လို ဘန်တိုတို့လည်း အသီးသီး ရာထူးက နုတ်ထွက်ခဲ့ကြပြီး ဖြစ်ပါတယ်။