မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်ထဲက ဆောမြို့နယ်၊ လက်ပန်းကျေးရွာနဲ့ ပဆုပ်ရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုးအကာ မလုံလောက်မှုကြောင့် အအေးဒဏ်ခံနေရပြီး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုမှာ ဒီကျေးရွာနှစ်ရွာမှာရှိတဲ့ လူနေအိမ်၂၂၆ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၁၅၀၀ ကျော်လောက်ဟာဘေးလွတ်ရာ တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“ မိုးကာတွေကတိုတော့ လေမလုံဘူး။ ညအိပ်တဲ့အခါလေမလုံတော့ ချမ်းကြတာ။ နေ့ခင်းဘက်ဆိုလည်း တောရိပ်တောင်ရိပ်နဲ့ အေးတယ်။ နှာစေးချောင်းဆိုးတွေတော်တော်ြဖစ်ကြတယ်။ ဟိုတနေ့ကဆို အဖွားတစ်ယောက်မူးလဲသွားတယ်” စစ်ဘေးရှောင်တစ်ဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် စပါးတွေမရိတ်သိမ်းရသေးတာကြောင့် အနွေးဓာတ်ရဖို့ ကောက်ရိုးတွေလည်း မရနိုင်သေးဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားလာတာကြောင့် အပြင်ကိုမထွက်ရဲဘဲ သစ်ပင်တွေအောက်မှာ တနေကုန်နီးပါးနေကြရပြီး အပြင်ထွက်နေပူစာလှုံ ကိုယ်လက်လှုပ်ရှားကြရတာ တရက်နှစ်ရက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
“ နှာစေးချောင်းဆိုးတွေက ဖြစ်ကြတယ်ဗျ။ မိုးကာတွေက ၀ယ်လို့မရဘူး။ စစ်ကောင်စီက တမင်ဖြတ်ထားတာ။ အရင်ရှိထားတဲ့ မိုးကာတွေနဲ့ပဲ ကာကြရတာဆိုတော့ မလုံဘူး “ လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။
အခုဆောမြို့နယ်က ကျေးရွာဒေသခံ စစ်ဘေးရှောင်တွေအတွက် တကြိမ်သာ မိုးကာတွေ ၀ယ်လှူဒါန်းနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့လမ်းပိတ်ဆို့မှုတွေကြောင့် လိုအပ်နေတဲ့မိုးကာတွေကို ဆက်မပို့ပေးနိုင်တာဖြစ်တယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။