ဖျာပုံထောင်က အကျဉ်းသား ရှစ်ဆယ်ကျော်ပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသား ဆယ့်နှစ်ဦးသာပါဝင်

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်အရ ဧရာဝတီတိုင်း ဖျာပုံထောင်ကနေ အကျဉ်းသား (၈၃)ဦးကို ဒီကနေ့ပြန်လွှတ် ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား (၁၂) ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒီကနေ့လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၁၂) ဦးဟာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ထောင်တွေထဲမှာ စာရင်းကောက်လိုက်၊ လာတွေ့ပြီး လက်မှတ်ထိုးခိုင်းလိုက်လုပ်ခဲ့၊ စောင့်ခဲ့ရတာတွေ ပြီးသွားပြီ” လို့ ဖျာပုံထောင်နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ဒီကနေ့ ဖျာပုံထောင်ကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပုဒ်မ၅၀၅(က)နဲ့ ထောင်ဒဏ်ချခံထားရတဲ့ ကျိုက်လတ်၊ဖျာပံ၊ဒေးဒရဲမြို့တွေက အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီးတဦးဖြစ်တယ်လို့ သိရပါတယ်။

ဟင်္သာတအကျဥ်းထောင်ကလည်း ဒီကနေ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ စုစုပေါင်း (၈၁)ဦးရှိပြီး ပုဒ်မ ၅၀၅နဲ့ထောင်ဒဏ်ချမှတ်ခံရသူ (၂၀)ဦးလည်း လွတ်မြောက်လာတယ်လို့သိရပါတယ်။

အချက်အလက်အခြေပြု သုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ ISP မြန်မာရဲ့ သုတေသနအချက်အလက်တွေအရ အခုနှစ် ဧပြီလအထိ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ခုနစ်ကြိမ်နဲ့ ထောင်ဒဏ်ချမှတ်ထားတဲ့အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၈ရာခိုင်နှုန်းသာပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းတဲ့နေ့ ၂၀၂၁ခုနှစ် ဖေဖော်၀ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးမှုတွေစလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဏပြီလအထိ စုစုပေါင်း လွတ်ငြိမ်းခွင့် ခုနစ်ကြိမ်ပေးရာမှာ အကျဉ်းသား စုစု ပေါင်း (၅၇၀၀၀) ကျော် လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား (၄၅၀၀)ကျော်ပါဝင်တယ်လို့ ISP မြန်မာက ဆိုပါတယ်။

ဒီကနေ့မှာလည်း စစ်ကောင်စီ အကျဉ်းသားစုစုပေါင်း ခြောက်ထောင်ဝန်းကျင်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား တဆယ်ရာခိုင်နှုန်းလောက်သာပါတယ်လို့ ကနဦးအချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အခုလ (၁၆) ရက်အထိ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ (၁၆၂၃၂)ဦးအထိရှိပြီး (၂၅၀၀) နီးပါး သတ်ဖြတ်ခံထားရပါတယ်။