ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်ကနေအိမ်မှာ ဖမ်းဆီးသွားတဲ့ဟာသသရုပ်ဆောင် ဆင်မကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဘက်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်စာတခုထုတ်ထားတာတွေ့ရပါတယ်။
လက်ရှိမှာဟာသသရုပ်ဆောင်ဆင်မပြန်လည်လွတ်မြောက်လာတဲ့သတင်းကိုလည်းမိသားစုနဲ့နီးစပ်သူတွေကပြောဆိုနေကြပြီး DNA ကလည်းမိသားစုတွေဆီဆက်သွယ်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။
ဟာသရုပ်ဆောင်ဆင်မကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကတည်းကတောင်ဒဂုံကနေအိမ်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခန်းရှေ့နောက်‘ပိတ်ပြီးဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒါ့အပြင်အစောပိုင်းကာလစစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူတွေထဲပါဝင်ခဲ့လို့၅၀၅နဲ့ တရားစွဲဆိုထားတဲ့ အနုပညာရှင်တွေဖြစ်တဲ့သရုပ်ဆောင်ဘုဏ်း သိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ ဆုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်း၀တီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာစတဲ့ အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်းပေးတယ်လို့လည်း စစ်ကောင်စီသတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ စစ်ကောင်စီကလွှတ်ပေးမယ့်သူတွေကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ၄၀၁၊ပုဒ်မခွဲ (၁)အရနောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမည်ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့တာကိုလည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။