ဟားခါးမြို့မှာ လက်နက်ကြီးထိလို့ ဆယ်ကျော်သက်တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ မိုးဟိန်းရေသန့်ဖြန့်ချီရေး ကုမ္ပဏီဝန်းထဲကို နိုဝင်ဘာ (၁၅) ရက်ညပိုင်းမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ အသက်ဆယ့်လေးနှစ်အရွယ်ယောကျ်ားလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

“သေတဲ့ကလေးကိုတော့မနက်က ဆေးရုံကနေသယ်ခဲ့ပြီးပြီ၊ဒဏ်ရာရတဲ့နှစ်ယောက်ကတော့ဆေးရုံမှာပဲ၊ ဒဏ်ရာကစိုးရိမ်ရတယ်လို့ ကြားတယ်ဗျ” ဟားခါးမြို့ခံတဦးက DNA ကို ပြောပါတယ်။

သေဆုံးသွားတဲ့(၁၄)နှစ်အရွယ် ကလေးအပါအဝင် ထိခိုက်ခဲ့သူ သုံးဦးဟာ မိုးဟိန်းသောက်ရေသန့် ကုမ္ပဏီဝန်ထမ်းတွေဖြစ်ပြီး ကုမ္ပဏီဝန်းထဲ မီးဖိုပြီး မီးလှုံနေကြချိန်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ​ဒေသခံတွေက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သူတွေထဲက နှစ်ဦးဟာ ညီအကိုတွေဖြစ်ပြီး ညီဖြစ်သူက သေဆုံးခဲ့ကာ အကိုဖြစ်သူကတော့ ဆေးရုံမှာ ကုသမှုဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။

အဲ့ဒီလက်နက်ကြီးဟာ ဟားခါးမြို့ခံ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာဖြစ်တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။ လက်နက်ကြီးပစ်ခတ်ချိန်မှာ ဟားခါးမြို့အနီးတဝိုက် တိုက်ပွဲဖြစ်နေတာလည်းမရှိဘူးလို့သိရပါတယ်။

“မြို့အစွန်ဘက်ကျတယ်ဆိုပေမယ့် သူတို့နေရာက လက်နက်ကြီးနဲ့ထုရ၊ကျရမယ့် နေရာမျိုးတော့မ ဟုတ်ဘူး၊ (လက်နက်ကြီး) ရမ်းထုလို့ဖြစ်သွားတာပေါ့” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်တော်လှန်တိုက်ခိုက်မှုတွေရှိလာချိန်မှာ စစ်ကောင်စီတပ်တွေက လက် နက်ကြီး ရမ်းသန်းပစ်ခတ်လို့ နိုင်ငံတဝန်းက အရပ်သားအများအပြား ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ဟားခါးမြို့မှာလည်း ပြီးခဲ့တဲ့လတွေအတွင်း လက်နက်ကြီးထိလို့ အရပ်သားသေဆုံးမှုတွေ မကြာမကြာ ရှိခဲ့တာပါ။ပြီးခဲ့တဲ့ အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟားခါးမြို့နယ် ဘွန်လုန်ကျေးရွာက ခြောက်နှစ်အရွယ် ကလေးနှစ်ဦး လက်နက်ကြီးထိလို့ သေဆုံးခဲ့ပါသေးတယ်။