စစ်အာဏာရှင်တွေဟာ အားကောင်းတဲ့ လက်နက်ကိုင် ခုခံမှုတွေနဲ့ ရင်ဆိုင်နေရသလို ထိန်းချုပ်နယ်မြေတွေလည်း တစ်စထက်တစ်စ ဆုံးရှုံးလာနေပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တွေကို ၂၀၂၁ ခုနှစ်လောက်က စတင်စုစည်းခဲ့ချိန်မှာ အများစုကတော့ စိတ်ဆန္ဒ ပြင်းထန်နေတဲ့ လူငယ်လေးတွေ အလောတကြီး လူစုထားတဲ့ အဖွဲ့ငယ်လေးတွေသာဖြစ်ပြီး စစ်တပ်က ခပ်မြန်မြန် ဖြိုခွင်းလိုက်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ လက်တွေ့မှာတော့ PDFတွေက တဖြည်းဖြည်း အင်အားကြီးမားလာသလို ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ပိုပြီး စုစည်းမိလာတယ်။ အခုဆိုရင်ရင် စစ်အာဏာရှင်တွေအတွက် အဓိက ခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါပြီ။ လက်နက် တပ်ဆင်မှု မပြည့်စုံတာ၊ ခေတ်မီဆန်းသစ်တဲ့ စီမံကွပ်ကဲမှု စနစ်မျိုး မရှိသေးတာ၊ နိုင်ငံတကာ ထောက်ခံမှု မရသေးတာတွေ ကြုံနေတဲ့တိုင်အောင် PDFတွေဟာ စံထားရလောက်တဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ နည်းဗျူဟာပိုင်း သွင်ပြင်လက္ခဏာတွေကို ပြသနိုင်ခဲ့တယ်။ တကယ်လို့သာ PDFတွေအတွက် စီမံကွပ်ကဲမှုဆိုင်ရာ ပိုမိုထိရောက်တဲ့ တည်ဆောက်မှုမျိုးနဲ့ လက်နက်တပ်ဆင်မှုတွေ တိုးတက်လာမယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ချဲ့ထွင်လာနိုင်မှာ ဖြစ်သလို စစ်အာဏာရှင်တွေရဲ့ အလုံးစုံ ပျက်သုဉ်းမှုကလည်း ပိုနီးကပ်လာပါလိမ့်မယ်။ သူတို့ရဲ့ တကွဲတပြား ဖြန့်ကျက်ထားတဲ့ သဘောသဘာဝနဲ့ ခပ်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့် PDFတွေနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်သူတွေ၊ နိုင်ငံတကာ မူဝါဒရေးရာ ချမှတ်သူတွေအတွက် နားလည်ရခက်တဲ့ ပဟေဠိတွေ ကြုံနေရဆဲပါ။ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့အတူ အဲဒီ ခုခံရေး အင်အားစုတွေဟာ တိုက်ပွဲအတွေ့အကြုံ ပိုပြည့်ဝလာသလို ပိုပြီးလည်း အချိတ်အဆက် မိလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ် လုံခြုံရေး သွင်ပြင်လက္ခဏာတွေကို ထုဆစ်ရာမှာ PDFတွေဟာ အရေးပါတဲ့၊ ဒါမှမဟုတ် အဓိက အကျဆုံးဆိုတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါပြီ။
လက်နက်ကိုင် တော်လှန်ရေးရဲ့ သွင်ပြင်လက္ခဏာအသစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တဲ့နောက် မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရက်ပိုင်းလောက် ကြိတ်မှိတ် သည်းခံခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ စစ်အုပ်ချုပ်ရေး အတိတ်ဟောင်းဆီ ပြန်မသွားချင်တော့ကြောင်း ဆန္ဒပြနေသူတွေ ကြောက်ရွံ့ နှုတ်ဆိတ်သွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စစ်တပ်ဟာ အကြမ်းကြုတ်၊ အရက်စက်ဆုံး နည်းလမ်းတွေကိုသုံးပြီး ဖြိုခွင်းပါတော့တယ်။ တကယ်တမ်းကျတော့ အဲဒီ လုပ်ရပ်တွေကပဲ စစ်ကောင်စီရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကနေ ပြည်သူလူထုကို ကာကွယ်ပေးမယ့် PDFတွေ ပေါ်ထွန်းလာစေမယ့် တော်လှန်ရေး ခွန်အားသစ်တွေကို ဖြစ်တည်လာစေခဲ့ပါတယ်။ သမိုင်းတလျှောက် စစ်တပ်အတွက် နိုင်ငံရေး ထောက်ခံမှုနဲ့ လူသစ်တွေ ဖြည့်တင်းပေးရာ နေရာတွေ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဗမာတိုင်းရင်းသား အများစု နေထိုင်ရာ ဒေသတွေမှာပါ PDFတွေ စုဖွဲ့လာကြပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ထွက်ပေါ်လာတဲ့ လက်နက်ကိုင် ဆန့်ကျင်ရေး အဖွဲ့တွေကို PDFတွေလို့ သိမ်းကျုံးခေါ်ဝေါ်ပေမယ့် ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေအရ ၃ မျိုး ထပ်ပြီး ပိုင်းခြားနိုင်ပါတယ်။ အဲဒါတွေကတော့ PDF၊ LDF (ဒေသခံ တော်လှန်ရေးတပ်ဖွဲ့)နဲ့ PDT (ပကဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့)ဆိုပြီး ဖြစ်ပါတယ်။ PDFတွေက အာဏာသိမ်းမှုအပြီး ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က တည်ထောင်ပေးထားတဲ့၊ ဒါမှမဟုတ် အသိအမှတ် ပြုထားတဲ့ အင်အားကောင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ PDFတွေဟာ NUGရယ်၊ မြန်မာစစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခုခံစစ် ဆင်နွှဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေရယ် ပူးပေါင်းထားတဲ့ စီမံကွပ်ကဲမှု စနစ်တွေ အောက်မှာ အဓိက လှုပ်ရှားကြပါတယ်။ LDFတွေကတော့ ဒေသအလိုက် စစ်ရေးလှုပ်ရှားမှုတွေကို ကိုယ့်နယ်မြေအလိုက် အမှီအခိုကင်းကင်း ဆောင်ရွက်နေတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ LDFတွေဟာ NUGရဲ့ အစီအမံတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင် မစ်ရှင်တွေ အကောင်အထည်ဖော်လေ့ ရှိပါတယ်။ PDTတွေကတော့ ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ စုဖွဲ့ထားတဲ့ ဒေသခံ ပြောက်ကျားတွေပါ။ PDFတွေဟာ ဖွဲ့စည်းပုံအရ စစ်တပ်တစ်ခုရဲ့ သွင်ပြင်လက္ခဏာနဲ့ ပိုမိုကိုက်ညီပြီး မြို့နယ်၊ ဒါမှမဟုတ် ပြည်နယ်နဲ့တိုင်းအနှံ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ LDFနဲ့ PDTတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့၊ ဒါမှမဟုတ် ဒေသခံ လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့ ဒေသဆိုင်ရာအဆင့် စုစည်းထားတဲ့ ပြည်သူ့စစ်တွေနဲ့ ပိုပြီးတူပါတယ်။
ရှေ့ဆက်ရေးသားမယ့် အကြောင်းအရာတွေမှာ ပိုပြီး နားလည်လွယ်ဖို့ အတိုကောက် အခေါ်အဝေါ်တွေကို ကြိုတင် ဖော်ပြထားလိုက်ပါတယ်။
C3C – ဗဟိုစစ်ရေးကွပ်ကဲမှုနှင့်ညှိနှိုင်းရေးကော်မတီ
CDF – ချင်းဒေသကာကွယ်ရေးတပ်မတော်
CJDC – ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ
EAO – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
J2C – ပူးတွဲစစ်ရေးကွပ်ကဲမှုနှင့်ညှိနှိုင်းရေး
KA – ကရင်နီတပ်မတော်
KIA – ကချင်လွတ်မြောက်ရေးတပ်မတော်
KNDF – ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့
KNPP – ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
KPDF – ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော်
DKBA – တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့
LDF – ဒေသခံတော်လှန်ရေးတပ်ဖွဲ့
MDC – တိုင်းစစ်ဌာနချုပ်
NUG – အမျိုးသားညီညွတ်ရေးအစိုးရ
PDF – ပြည်သူ့ကာကွယ်ရေးတပ်မတော်
PDT/ပကဖ – ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)
ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ စုံစမ်းမေးမြန်းမှုတွေကို ခြုံငုံကြည့်တဲ့အခါ PDF တပ်ဖွဲ့ဝင် ၆ သောင်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ PDFတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ စစ်သုံးအဆင့် လက်နက်တွေ တပ်ဆင်ထားပြီး နောက်ထပ် ၄၀ ရာခိုင်နှုန်းလောက်ကတော့ လက်လုပ်သေနတ်တွေ ကိုင်ဆောင်ကြပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထိ အခြေအနေအရ pdf တပ်ရင်းပေါင်း ၃၀၀ လောက်ထိ ရှိနေပြီး တပ်ရင်းတစ်ခုကို အင်အား ၂၀၀ ကနေ ၅၀၀ ကြားအထိ ရှိကြပါတယ်။ နောက်ထပ် တင်ရင်းပေါင်း ၆၃ ခုလောက်က NUGရဲ့ တရားဝင် စိစစ် အသိအမှတ်ပြုမှုကို စောင့်ဆိုင်းနေကြဆဲပါ။
PDFတွေဟာ NUGနဲ့ EAO မဟာမိတ်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ C3Cနဲ့ J2Cတို့ရဲ့ အမိန့်ပေးမှုအောက်မှာ လှုပ်ရှားကြပါတယ်။ PDF အများစုဟာ NUGက ဖွဲ့စည်းပေးထားတာ၊ ဒါမှမဟုတ် NUGအပေါ် သစ္စာခံတာမျိုး ရှိနေကြပါတယ်။ ဒါပေမဲ့ CDF, KNDF, KPDFတို့လို အားကောင်းတဲ့ အဖွဲ့အစည်းတွေ အပါအဝင် PDF တချို့က C3Cရဲ့ စီမံမှုနဲ့ လှုပ်ရှားနေပေမယ့် NUGနဲ့ တိုက်ရိုက် ချိတ်ဆက် မထားပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရည်ရွယ် ဖြန့်ကျက်လာတယ် ဆိုပေမယ့် PDFတွေဟာ MDCတွေနဲ့သာ အနီးကပ် အလုပ်တွဲလုပ်လေ့ ရှိပါတယ်။ MDCတွေက C3C, J2Cတို့နဲ့ အတိုင်းအတာ တစ်ခုထိ ချိတ်ဆက် လှုပ်ရှားကြပါတယ်။ မကြာသေးခင်က PDFတွေရဲ့ တပ်ဖြန့်မှုတွေနဲ့ စစ်ဆင်ရေးတွေကို ကြည့်ရင် MDCတွေဟာ PDFရဲ့ စစ်ရေး မဟာဗျူဟာတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာနေတယ် ဆိုတာကို တွေ့နိုင်ပါတယ်။
လောလောဆယ်မှာ MDC သုံးခုရှိပါတယ်။ PDF အဖွဲ့ပေါင်း ၂၀၀ ဝန်းကျင်လောက်ဟာ ကချင်၊ အညာ (မြန်မာနိုင်ငံ အလယ်ပိုင်း)နဲ့ ချင်းပြည်နယ်တွေကို အဓိက တာဝန်ယူထားတဲ့ MDC 1ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ကရင်နဲ့ ကရင်နီ ဒေသတွေမှာ ဖြန့်ကျက်ထားတဲ့ MDC 2နဲ့ MDC 3 လက်အောက်မှာတော့ ခန့်မှန်းခြေ PDF အဖွဲ့ခွဲ ၅၀ လောက် အသီးသီး ပါဝင် လှုပ်ရှားနေပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ အခြေစိုက်တဲ့ PDFတွေက သက်ဆိုင်ရာ နယ်မြေတွေရဲ့ EAOတွေရဲ့ လက်အောက်မှာ၊ ဒါမှမဟုတ် ချိတ်ဆက် လှုပ်ရှားတာတွေ ရှိနေပါတယ်။ ဥပမာ အနေနဲ့ KPDFဟာ KIAရဲ့ စီမံခန့်ခွဲမှုအောက် ကချင်ပြည်နယ်မှာ လှုပ်ရှားပြီး CDF ဆိုရင်လည်း CJDCရဲ့ ထိန်းချုပ်မှုနဲ့ လှုပ်ရှားလေ့ ရှိပါတယ်။ KNDFကတော့ ကရင်နီ နယ်မြေမှာ KNPPရဲ့ လက်နက်ကိုင်တပ် KAနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
PDFတွေကို စနစ်တကျ ဖွဲ့စည်းထား၊ လေ့ကျင့်ထား၊ လက်နက် တပ်ဆင်ထားပြီး NUGနဲ့ မဟာမိတ် EAOတွေအတွက် အဓိက တိုက်ပွဲဝင် အင်အားစုအဖြစ် သတ်မှတ်ထားပါတယ်။ PDFတွေကို တပ်စိတ်၊ တပ်စု၊ တပ်ခွဲ စသဖြင့် အဆင့်လိုက် ဖွဲ့စည်းထားပြီး အဲဒီ အင်္ဂါရပ်တွေ ပြည့်စုံတဲ့ PDF သုံးစုကို တပ်ရင်းတစ်ရင်းအဖြစ် သတ်မှတ်ထားပါတယ်။ ဥပမာ အနေနဲ့ တပ်စိတ် ၃ ခုက တပ်စု ၁ ခု၊ တပ်စု ၃ ခုက တပ်ခွဲတစ်ခုဖြစ်ပြီး တပ်ခွဲ ၃ ခုက တပ်ရင်း ၁ ခု ဖြစ်လာပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ (LDF)
၂၀၂၂ ခုနှစ်၊ ဧပြီလထိ စာရင်းတွေအရ နိုင်ငံအနှံ့မှာ LDF အဖွဲ့အစည်း ၄၀၁ ခု ရှိလိမ့်မယ်လို့ NUGက ခန့်မှန်းထားပါတယ်။ PDTတွေ၊ PDFတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်စိတ်နဲ့ကိုယ် ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားကြပြီး C3C၊ ဒါမှမဟုတ် J2Cတို့နဲ့ တိုက်ရိုက် ချိတ်ဆက်တာမျိုး နည်းပါတယ်။ ဒါပေမဲ့ အခုဆိုရင် LDF အဖွဲ့ပေါင်း ၃၅၄ ခုလောက်ဟာ NUGနဲ့ တရားဝင် မဟုတ်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိလာပါပြီ။ ဒါဟာ LDFတွေကို ပိုမိုကျယ်ပြန့်တဲ့ စီမံခန့်ခွဲရေး စနစ်တွေထဲ ထည့်သွင်းဖို့အတွက် အရေးပါတဲ့ ပထမဆုံး ခြေလှမ်းလို့လည်း သတ်မှတ်နိုင်ပါတယ်။ LDF အဖွဲ့ပေါင်း ၁၀၀ လောက်ဟာ PDFတွေ ဖြစ်လာကြပြီး နောက်ထပ် ဒါဇင်ပေါင်း တော်တော်များများက PDTတွေအသွင် ပြောင်းသွားပါတယ်။
မကြာသေးခင်က ခန့်မှန်းတွက်ချက်မှု တစ်ခုအရ LDF အဖွဲ့သား ၃ သောင်းထက်မနည်း လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။ LDFတွေရဲ့ အင်အားကလည်း တစ်ဒါဇင်လောက်ကစပြီး ထောင်ဂဏန်းလောက်ထိ အမျိုးမျိုး ကွဲပြားပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်အတွင်း LDFတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ဟာ PDF၊ ဒါမှမဟုတ် PDTတွေအဖြစ် ပြောင်းလဲသွားတာကြောင့် ဒီကိန်းဂဏန်းဟာ အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။
ဆန္ဒပြသူတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး LDFတွေကို ၂၀၂၁ ခုနှစ်၊ မတ်လလယ်လောက်တုန်းက စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ LDFတွေဟာ မြို့နယ် အခြေစိုက် ပြည်သူ့စစ်တွေ အသွင်နဲ့ ဆက်လက် ရပ်တည်နေပြီး တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်လေ့ ရှိပါတယ်။
LDFတွေက လူ့အဖွဲ့အစည်းရဲ့ အကူအညီနဲ့ လှူဒါန်းမှုတွေကို အဓိက အားပြုပြီး ကိုယ့်စရိတ်နဲ့ကိုယ် တော်လှန်ကြတာ များပါတယ်။ ပြီးတော့ လက်လုပ် သေနတ်တွေကို အများစု အသုံးပြုကြရတယ်။ တချို့ LDFတွေကတော့ အင်အား တောင့်တင်းတဲ့ EAOတွေနဲ့ ချိတ်ဆက်မိပြီး လေ့ကျင့်မှုနဲ့ လက်နက်ကိရိယာ အထောက်အပံ့တွေ ရခဲ့ကြပါတယ်။
စစ်ဆင်ရေး ဗျူဟာနဲ့ ပတ်သက်ရင်တော့ LDFတွေက သမားရိုးကျ စစ်ပွဲပုံစံ မဟုတ်တဲ့ မိုင်းဆွဲတာတွေ၊ အလစ်တိုက်ခိုက်တာတွေ၊ ဖျက်ဆီးတာတွေ၊ ပစ်မှတ်ထား လုပ်ကြံတာတွေ အစရှိတဲ့ နည်းလမ်းတွေကို သုံးကြပါတယ်။ LDFတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျေးလက်ဒေသတွေမှာ စစ်အာဏာရှင် အုပ်ချုပ်မှု ယန္တရား ဖြန့်ကျက်မလာနိုင်အောင် တွန်းလှန်ဖို့ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDT)
PDTတွေကို ပကဖလို့လည်း ခေါ်ပါတယ်။ NUGက ဖွဲ့စည်းပေးထားပြီး မြို့ပြ ပြောက်ကျား စစ်ဆင်ရေးတွေ၊ တော်လှန်ရေး တပ်သားသစ်တွေအတွက် အခြေခံ သင်တန်းပေးတာတွေ၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ PDFတွေကို ကူညီတာမျိုးတွေအတွက် အဓိက လှုပ်ရှားကြပါတယ်။
NUGရဲ့ အဆိုအရ PDTတွေကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ လောက်မှာ ဖွဲ့စည်းထားနိုင်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၆ လတာအတွင်း ကျေးရွာတွေ အဆင့်မှာပါ PDTတွေရဲ့ ခြေကုပ်နေရာကို ချဲ့ထွင်နိုင်ခဲ့တယ်လို့ ဆိုတယ်။ PDT အများစုဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထူးသဖြင့် စစ်ကိုင်းနဲ့ မကွေး တိုင်းဒေသကြီးတွေမှာ လှုပ်ရှားကြပါတယ်။
PDTတွေက ကျေးရွာအဆင့်တွေမှာ လှုပ်ရှားနေပေမယ့် မြို့နယ်အဆင့်မှာ ပြန်ချိတ်ဆက်ပါတယ်။ ဒီတော့ မြို့နယ် တစ်ခုမှာ PDT အဖွဲ့သား ၂၀၀၀ လောက်ထိ အချိတ်အဆက် ရှိနိုင်ပါတယ်။ PDT အများစုက လက်လုပ် အသေးစား သေနတ်တွေပဲ တပ်ဆင်ထားလေ့ ရှိပါတယ်။
PDTတွေဟာ အခြေခံကျတဲ့ တော်လှန်ရေး အင်အားစုတွေ ဖြစ်ကြပြီး ဒေသခံ လူ့အဖွဲ့အစည်းတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကြား ချိတ်ဆက်ပေးပါတယ်။
PDFတွေရဲ့ စဉ်ဆက်မပြတ် တိုးပွားမှုများ
စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းစဉ်တွေဟာ ဆန္ဒပြ ပြည်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေတော့တဲ့ထိ အန္တရာယ် များလာပြီး PDF၊ LDFနဲ့ PDTတွေက တော်လှန်ရေး လှုပ်ရှားမှုရဲ့ ဗဟိုချက်တွေ ဖြစ်လာခဲ့တယ်။ ရုရှားနဲ့ တရုတ်က တပ်ဆင်ပေးထားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တွေကို သုံးပြီး ဆယ်စုနှစ်တွေနဲ့ချီ စစ်တိုက်လာပါတယ်ဆိုတဲ့ မြန်မာစစ်တပ်နဲ့ ရင်ဆိုင်ရတာတောင်မှ ပြည်သူလူထုရဲ့ တခဲနက် အားပေးထောက်ခံမှုရယ်၊ EAOတွေနဲ့ အနီးကပ် ချိတ်ဆက် ဆောင်ရွက်မှုတွေရယ်ကြောင့် သူတို့ရဲ့ ရပ်တည်မှုက ပိုမို ကျယ်ပြန့် အားကောင်းလာခဲ့ပါတယ်။
အာဏာသိမ်းပြီး ၁၈ လ အတောအတွင်း PDFတွေ၊ LDFတွေနဲ့ PDTတွေဟာ တကွဲတပြားစီ ဖြစ်နေတဲ့၊ ဗဟိုကွပ်ကဲမှု မရှိတဲ့၊ ဒေသအလိုက် လှုပ်ရှားနေတဲ့ ခုခံရေး အဖွဲ့တွေ ဘဝကနေ စုစုစည်းစည်းနဲ့ ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ တိုက်ပွဲဝင် အင်အားစုအဖြစ် ပြောင်းလဲလာပါတယ်။
စီမံခန့်ခွဲမှုစနစ်များ
တော်လှန်ရေး အဖွဲ့တွေဟာ သီးခြားစီ အပြိုင်ဖွဲ့စည်းထားတဲ့ ပြောက်ကျားကွန်ရက်တွေအဖြစ် ကိုယ့်ကိုယ်ကိုယ် စတင် သတ်မှတ် ထူထောင်လာကြပါတယ်။ စစ်အာဏာရှင်တွေရဲ့ ပိုမိုခက်ထန် ကြမ်းတမ်းပြီး ရက်စက်တဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်လာရချိန်မှာ NUGဟာ တကွဲတပြားစီ ဖြစ်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို ပေါင်းစည်းနိုင်အောင် အားထုတ်ပြီး မဟာမိတ် EAOတွေနဲ့အတူ စီမံခန့်ခွဲမှု ဗဟိုချက် တစ်ခုကနေ ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်အောင် ပြင်ဆင်ခဲ့တယ်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှတော့ NUGနဲ့ EAO မဟာမိတ်တွေ ဦးဆောင်တဲ့ C3C ဖွဲ့စည်းမှုကို NUGက ကြေညာခဲ့ပါတယ်။ C3Cမှာ NUG၊ KIA၊ KNPP၊ CNF၊ DKBAတို့ ပါဝင်ကြတယ်။ NUGဟာ C3Cမှာ မပါတဲ့ KNUနဲ့လည်း စေ့စပ်ညှိနှိုင်းပြီး KNU လှုပ်ရှားနယ်မြေတွေက စစ်ဆင်ရေးတွေကို ကွပ်ကဲဖို့အတွက် J2Cကို ဖွဲ့စည်းခဲ့တယ်။ C3Cနဲ့ J2Cတို့ဟာ သီးခြားစီ ရပ်တည်နေတဲ့ စစ်ရေးကွပ်ကဲမှု စနစ်တွေ ဖြစ်ပေမယ့် NUGကတော့ အဲဒီ ဖွဲ့စည်းမှုတွေကြားမှာ အရေးပါတဲ့ အချိတ်အဆက်အဖြစ် ရှိနေပါတယ်။
အဲဒီ စနစ်တွေဟာ လက်ရှိ အခြေအနေအရ ဖွံ့ဖြိုးဆဲ အဆင့်မှာသာ ရှိသေးပေမယ့် ပိုပြီး တစ်သားတည်းကျတဲ့၊ ချိတ်ဆက်နိုင်တဲ့ ယူနစ်တစ်ခုအသွင် တဖြည်းဖြည်း ကူးပြောင်းနေတယ်။ ဒီအခြေအနေက တော်လှန်ရေး အင်အားစုတွေအတွက် ပိုပြီး ဟန်ချက်ညီတဲ့ အားသာချက်မျိုးကို နောင်တစ်ချိန်မှာ ပိုမို နီးစပ်လာစေနိုင်တယ်။ အရေးအကြီးဆုံးကတော့ C3Cနဲ့ J2Cတို့ဟာ PDFတွေ၊ LDFတွေနဲ့ PDTတွေကို သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ပိုမိုတိုးတက်မှု ရရှိလာစေတယ်။ အခုအခါမှာ NUGဟာ စစ်ရုံးတစ်ခု ထူထောင်ဖို့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေတယ်။ အဲဒီ စစ်ရုံးမှာ ဌာနခွဲ သုံးခု ပါဝင်မှာဖြစ်ပြီး ပထမ ဌာနခွဲက စစ်ဆင်ရေးတွေကို ကြပ်မတ် ကွပ်ကဲမှာပါ။ နောက်ထပ် ဌာနခွဲတွေကတော့ ပူးပေါင်းစစ်ဆင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ကိုင်တွယ်ပါလိမ့်မယ်။ လောလောဆယ် အဓိက ကြုံနေတဲ့ စိန်ခေါ်မှုကတော့ C3C၊ J2Cနဲ့ LDFတွေကို စနစ်တစ်ခုတည်းအောက်မှာ ပေါင်းစည်းနိုင်ဖို့ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုများအတွက် လက်နက်တပ်ဆင်ခြင်း
လက်နက်ကိုင် တော်လှန်ရေးကို လက်လုပ် သေနတ်တွေနဲ့ စခဲ့ကြပါတယ်။ တူမီးလို ရိုးရာသေနတ်တွေ၊ ဓာတ်ငွေ့ တွန်းအားသုံး သေနတ်တွေလို ခနော်နီ ခနော်နဲ့ လက်နက်မျိုးစုံနဲ့ တော်လှန်ခဲ့တဲ့ အင်အားစုတွေကို အလွယ်တကူပဲ အနိုင်ယူနိုင်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက အတွက်မှားသွားခဲ့ပါတယ်။ ယူကရိန်းနဲ့ ကွာခြားလွန်းတဲ့ အချက်က မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အဖွဲ့တွေဟာ နိုင်ငံတကာ အသိုက်အဝန်းဆီက ဘယ်လို စစ်လက်နက် အကူအညီမျိုးမှ မရကြပါဘူး။ EAOတွေက စာနာထောက်ပံ့တဲ့ လက်နက်တွေ၊ မှောင်ခိုစျေးကွက်ကနေ စျေးကြီးပေး ဝယ်ယူရတဲ့ လက်နက်တွေကိုပဲ မှီခိုနေကြရပါတယ်။
တော်လှန်ရေး အဖွဲ့တွေဟာ ကိုယ်ပိုင်ငွေကြေး၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ လှူဒါန်းငွေတွေကို သုံးစွဲပြီး EAOတွေနဲ့ တခြားရင်းမြစ်တွေဆီကနေ လက်နက်တွေ ဝယ်ယူရပါတယ်။ နည်းလမ်းအမျိုးမျိုး ကြံဆစဉ်းစားပြီး ရန်ပုံငွေ ကောက်ခံမှုတွေကြောင့် ဒေါ်လာ ၅၅ သန်းလောက်ထိ ရရှိလာကြပါတယ်။ ဒီဆောင်းပါးအတွက် NUGရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီငွေကြေး အများစုကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေအတွက် ခွဲဝေ ထောက်ပံ့ပေးခဲ့ကြောင်း ပြောပါတယ်။ ဒီငွေပမာဟာ အမှန်တကယ် လိုအပ်မယ့် အတိုင်းအတာနဲ့ ယှဉ်လာရင် အစိတ်အပိုင်း တစ်ရပ်လောက်သာ ရှိသေးတယ် ဆိုပေမယ့်လည်း မူလက မျှော်လင့်ထားတဲ့ အတိုင်းအတာထက် အများကြီး ပိုခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အဓွန့်ရှည်အောင် အထောက်အကူ ဖြစ်စေခဲ့တယ်။
EAOတွေ လှုပ်ရှားနေတဲ့ ဒေသတွေနဲ့ ဝေးကွာပြီး လက်နက်မှောင်ခို စျေးကွက် ရှိနေတဲ့ တရုတ် နယ်စပ်နဲ့လည်း လှမ်းနေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာတော့ လက်နက်စျေးတွေ အရမ်းကြီးပြီး အဲဒီဧရိယာတွေက PDFတွေ၊ LDFနဲ့ PDTတွေအတွက် လုပ်ရကိုင်ရ ခက်သွားပါတယ်။ ဒီအခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ စစ်ပွဲမှာ အသုံးပြုဖို့ ကိုယ်ထူကိုယ်ထ လက်နက်တွေ ကြံဆောင် ထုတ်လုပ်လာကြပါတယ်။ ဒီအခြေအနေဟာ မြန်မာ့ခေတ်သစ် သမိုင်းကြောင်းမှာ မကြုံစဖူး ကိစ္စမျိုးပါပဲ။ စာရေးသူရဲ့ သုတေသနပြု လေ့လာမှုတွေအရ ၂၀၂၂ ခုနှစ်၊ ဧပြီလထိ မြန်မာနိုင်ငံ တဝန်းမှာ တော်လှန်ရေး အဖွဲ့ဝင်တွေရဲ့ လက်နက် အလုပ်ရုံ ၇၀ ကျော် ရှိနေပြီး ဒေသတွင်း လက်နက် လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။
PDFတွေမှာ ၆၀ ရာခိုင်နှုန်းလောက်က လက်နက် တပ်ဆင်ထားပြီ ဖြစ်ပေမယ့် တော်လှန်ရေး အင်အားစု အားလုံး ခြုံငုံကြည့်ရင်တော့ လက်နက် တပ်ဆင်နိုင်စွမ်းက ၅၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ထိ ကျဆင်းသွားပါတယ်။ ပြီးတော့ အများစုဟာ အရည်အသွေးနိမ့်တဲ့ လက်ဖြစ် သေနတ်တွေကို သုံးနေရပါတယ်။ မဟာဗျူဟာ လက်နက် တပ်ဆင်မှုတွေလို့ ဆိုရမယ့် လက်နက်ကြီး အမြောက်တွေ၊ လေကြောင်း ကာကွယ်ရေးနဲ့ တင့်ကားဖျက် လက်နက်တွေ ဆိုတာကလည်း တော်လှန်ရေး အဖွဲ့အစည်း အများစုနဲ့ အရမ်းကို အလှမ်းကွာနေဆဲပါ။ ခေတ်မီတဲ့ စစ်လက်နက်တွေ၊ အထူးသဖြင့် လေကြောင်းကာကွယ်ရေး လက်နက်တွေ မရှိသ၍ တော်လှန်ရေး အင်အားစုတွေဟာ ကန့်သတ် စစ်ပွဲတွေကိုသာ ဆင်နွှဲနိုင်ပါလိမ့်မယ်။ နောက်ပြီး ကျေးလက်ဒေသတွေမှာ ပြောက်ကျား နည်းဗျူဟာကြောင့် အောင်မြင်မှုတချို့ ရနေပေမယ့် မြို့ပြ ဧရိယာတွေမှာတော့ စစ်အာဏာရှင်တွေရဲ့ ကြီးစိုးထားနိုင်မှုကို စိန်ခေါ်ဖို့ ခက်နေဦးမှာပါ။ နောက်ပြီး စစ်တပ်ရဲ့ ခြေလျင်တပ်ဖွဲ့တွေဟာ PDFတွေရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် ချေမှုန်းမှုတွေ ကြုံလာတိုင်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ သံချပ်ကာယာဉ်တွေကို အကူအညီ လှမ်းတောင်းပါတယ်။ အဲဒီအခါမှာတော့ လက်နက်အင်အား မမျှတဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြန်လည် ဆုတ်ခွာကြရတာပါပဲ။
ပြည်သူ့ထောက်ခံမှု
မြန်မာစစ်တပ်ရဲ့ ခြေလျင် တိုက်ခိုက်ရေး တပ်တွေထက် အပြတ်အသတ် အသာရတဲ့ တစ်ချက်ကတော့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံတဝန်းမှာ ပြည်သူတွေရဲ့ သောင်းသောင်းဖြဖြ အားပေး ထောက်ခံမှုကို ရရှိနေကြခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ခြေလျင်တပ်တွေဟာ အခုဆိုရင် နိုင်ငံအနှံ့ကို တကွဲတပြားနဲ့ ဖြန့်ကျက်ထားပြီး အင်အား ပါးလျလာပါတယ်။ နောက်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေက လူသစ်တွေ စုဆောင်းပြီး စဉ်ဆက်မပြတ် အင်အားတိုးချဲ့ဖို့ မခက်လှပေမယ့် စစ်တပ်ကတော့ ဘက်ပြောင်းခိုလှုံတာတွေ၊ လူသစ်စုဆောင်းဖို့ ခက်တာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ အသိုက်အဝန်းဆီက လက်တွေ့ကျပြီး မှန်ကန်တဲ့ အထောက်အပံ့မျိုး မရသ၍ တော်လှန်ရေး အင်အားစုတွေဟာ အရှည်တည်တံ့အောင် ဆက်လက် ရပ်တည်ဖို့အတွက် ဒေသတွင်းက ထောက်ပံ့မှုတွေကိုသာ အားပြုနေရမှာ ဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်က တော်လှန်ရေး ထောက်ခံသူတွေ၊ ငွေကြေး ပံ့ပိုးသူတွေကို သတ်ဖြတ်ပြတာတွေ၊ ရွာလုံးကျွတ် မီးရှို့တာတွေလုပ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူကြား ဝေးကွာလာအောင် ခြိမ်းခြောက်တဲ့အခါ ဒီအခြေအနေကို ရေရှည်ထိန်းသိမ်းဖို့ ခက်ခဲသွားနိုင်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ မျှော်လင့်ထားရမယ့် အခြေအနေများ
PDF၊ LDFနဲ့ PDTတွေဟာ စိတ်ဓာတ်ကျပြီး မတန်တဆ ဝန်ပိနေတဲ့ စစ်တပ်ကို အသေအပျောက် အများအပြားနဲ့ အကြီးအကျယ် အထိနာအောင် စွမ်းဆောင်ပြခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ စစ်အာဏာရှင်တွေဟာ ထိန်းချုပ်နယ်မြေ အမြောက်အမြား၊ အထူးသဖြင့် ကျေးလက် ဧရိယာတွေမှာ စိုးမိုးနိုင်မှုကို လက်လွှတ်ခဲ့ရပါတယ်။ နောက်ပြီး တော်လှန်ရေး အဖွဲ့တွေဟာ သူတို့ရဲ့ အားနည်းချက်တွေဖြစ်တဲ့ စီမံခန့်ခွဲမှု၊ ထိန်းချုပ်မှုနဲ့ လက်နက်ကဏ္ဍတွေမှာ တဖြည်းဖြည်းချင်းစီ အခက်အခဲတွေကို ကျော်လွှားလာနေပါတယ်။
တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးက “တကယ်လို့ တော်လှန်ရေး ပြောက်ကျားလှုပ်ရှားမှု တစ်ခုဟာ အစောပိုင်း အဆင့်မှာ မပျက်သုဉ်းဘဲ ဆက်ပြီး ရှင်သန်နေမယ်၊ လူထုရဲ့ ထင်ရှားတဲ့ အတိုင်းအတာ ပမာဏ တစ်ခုစာ ထောက်ပံ့မှု (၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြား)ကိုလည်း ရနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုကို ဦးချိုး ဖျက်ဆီးဖို့ မျှော်လင့်ချက် အင်မတန် နည်းသွားပြီ”လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။
ရက်စက်တဲ့၊ ကြမ်းကြုတ်လှတဲ့ ဖြိုခွင်းမှုတွေကို ကြုံတွေ့နေပေမယ့် မြန်မာ့တော်လှန်ရေး ပြောက်ကျားလှုပ်ရှားမှုတွေဟာ ပထမအဆင့်ကို ကောင်းကောင်းကြီး ကျော်လွှား အသက်ဆက်ခဲ့ပါပြီ။ ပြီးတော့ ပြည်သူလူထုဆီက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုတွေကိုလည်း ရရှိနေပါတယ်။ နည်းဗျူဟာပိုင်း ထိုးထွင်း ကြံဆမှုတွေနဲ့အတူ ကသမ်းကရမ်း အစပြုမှုကနေတဆင့် အခုအခါမှာတော့ မဟာဗျူဟာ အတိုင်းအတာမျိုးနဲ့ လှုပ်ရှားနေတဲ့ အင်အားစုမျိုးအဖြစ် ပြောင်းလဲလာခဲ့ပါပြီ။
အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကတော့ တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံတချို့ရဲ့ ထောက်ခံမှုတွေကို ရရှိနေဆဲဖြစ်ပြီး စစ်တပ်ကသာ နိုင်ငံကို တည်ငြိမ်အောင် စုစည်းနိုင်မယ့်၊ အဲဒီ နိုင်ငံတွေရဲ့ မဟာဗျူဟာ ရင်းမြစ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသော အင်အားစုအဖြစ် မှတ်ယူနေကြပါတယ်။
ဒါပေမဲ့လည်း အဲဒီ ယုံကြည်မှုဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တဖြည်းဖြည်း ယိမ်းယိုင်လာနေပါတယ်။ အခုဆိုရင် စစ်တပ်ဟာ နိုင်ငံအနှံ့ နယ်မြေ တော်တော်များများကို ဆုံးရှုံးထားရုံ မကဘဲ ကိုယ်တိုင်ကပါ ပြည်တွင်းရော၊ ဒေသတွင်းမှာပါ တည်ငြိမ်မှု ပျက်ပြားစေတဲ့ အဓိက လက်သည် အဖွဲ့အစည်းအဖြစ် ရုပ်လုံး ပေါ်လာနေပါတယ်။ စစ်တပ်ဟာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ လက်နက်ကြီး ပစ်ခတ်တာ၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် လှုံ့ဆော်တာ၊ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်တာ၊ ဒုက္ခသည် အမြောက်အမြား နေရပ်စွန့်ခွာ ထွက်ပြေးရအောင် လုပ်ဆောင်တာတွေကို သေသေချာချာ ကျူးလွန်ပြနေပါတယ်။ စစ်တပ်ဟာ နောက်နှစ်၊ နွေရာသီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအမီ နယ်မြေတချို့ကို ပြန်ထိန်းချုပ်နိုင်အောင် သွေးရူးသွေးတန်း အားထုတ်နေပေမယ့် တစ်ချိန်တည်းမှာပဲ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် စည်းစနစ်ကျပြီး ခေတ်မီတိုးတက်လာတဲ့ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ပါ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
(United States Institute of Peace၏ visiting scholar တစ်ဦးဖြစ်သည့် Ye Myo Hein ရေးသားသည့် Understanding the People’s Defense Forces in Myanmar ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။)