အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်အတွင်း NLD ပါတီဝင် ခုနစ်ဆယ်နီးပါး သေဆုံး

စစ်အာဏာသိမ်းပြီးချိန်ကစလို့ NLD ပါတီဝင် (၁၁၀၀)ကျော်ဖမ်းဆီးခံထားရပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် (၆၇)ဦးဟာ ဖမ်းဆီးခံရချိန်အတွင်းမှာ သေဆုံးခဲ့တယ်လို့ NLD ပါတီက ဒီကနေ့ထုတ်ပြန်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့် အနေနဲ့ NLDပါတီက ဒီကနေ့ ကြေညာချက်တရပ်ထုတ်ပြန်ရာမှာ အဲ့ဒီလို ထည့်သွင်းဖော်ပြထားတာပါ။

ပါတီကဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ အောက် တိုဘာလကုန်အထိ လွှတ်တော်အမတ် ကိုးဆယ်ဦးအပါအဝင် ပါတီဝင် (၁၁၆၉)ဦးဖမ်းဆီးခံထားရတယ်လို့ ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် (၁၃၀) ကျော်အပါအဝင် စုစုပေါင်း ပါတီဝင် (၂၇၄) ဦးရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေလည်း ချိပ်ပိတ်ခံခဲ့ရပြီး ပါတီရုံးတွေ ကျူးကျော်ဝင်ရောက်ခံရမှု အကြိမ် (၁၂၀) အထိရှိနေတယ်လို့ NLD ပါတီက ဆိုပါတယ်။

စစ်ကောင်စီက အဲ့ဒီလို လုပ်ဆောင်တာဟာ ပါတီဝင်တွေနဲ့ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့နဲ့ ပိုင်ဆိုင်မှု စီးပွားတွေပျက်စီးအောင် လုပ်တာဖြစ်တယ်လို့ NLD ပါတီဝင် အမတ်ဟောင်း တဦးက DNA ကိုပြောပါတယ်။

“ဒီလိုဥပဒေမဲ့ အကြမ်းဖက်လုပ်ဆောင်တာကြောင့် ကိုယ်စားလှယ်နဲ့ သူတို့ရဲ့မိသားစုဝင်တွေ ပတ်ဝန်းကျင်က မိတ်ဆွေတွေကြောက်ရွံ့ထိတ်လန့်ပြီး တော်လှန်ရေး၊ နိုင်ငံရေး ဆက်မလုပ်ရဲအောင် ရည်ရွယ်လုပ်ဆောင်တာ” လို့ သူကဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ဖွဲ့စည်းထားတဲ့ NLD ပါတီ ဗဟိုအလုပ်ကော်မတီကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မတရားအာဏာသိမ်းပြီးနောက် NLD ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ဒီမိုကရေစီကျင့်စဉ်တရပ်လုံးကို စနစ်တကျဖျက်ဆီးနေတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဝေဖန်ထားပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီက NLD ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်း ဆီးတာတွေရှိသလို၊စစ်ကြောရေးနဲ့ ဖမ်းဆီးခံရချိန်အတွင်း အငြင်းပွားဖွယ်ရာ သေဆုံးမှုတွေလည်းရှိခဲ့တာပါ။ တ ဖက်မှာလည်း လက်နက်ကိုင်တော်လှန်မှုတွေရှိလာပြီးနောက် စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည် ခိုင်ဖြိုးပါတီဝင်တွေနဲ့ စစ်အုပ်စုထောက်ခံသူတွေ သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။

လက်ရှိပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စား လှယ်တွေ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ ဆွေးနွေးဖို့လိုအပ်ပြီး ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးကို အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဦးစားပေးဆောင်ရွက်သင့်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲတရပ်ကျင်းပပြီး နိုင်ငံရေးအရ တရားဝင်မှုရရေးနဲ့ နိုင် ငံတကာ အသိအမှတ်ပြုမှုရရေး ကြိုးပမ်းနေတာတွေ့ရပြီး NLD ပါတီအနေနဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို လက်ခံအသိအ မှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။