ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ နာမည်ကြီး အသင်းတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးတို့ ရှုံးပွဲကြုံခဲ့ကြပြီး အာဆင်နယ်၊ မန်ချက်စတာစီးတီး၊ လီဗာပူးလ်တို့ကတော့ အဖိုးတန် နိုင်ပွဲတွေကို အသီးသီး ရယူနိုင်ခဲ့ပါတယ်။
မန်ချက်စတာစီးတီး ၂ – ၁ ဖူလ်ဟမ်
အိမ်ကွင်းမှာ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး စီးတီးက ဖူလ်ဟမ်ကို အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ စီးတီးဟာ ၆၅ မိနစ်လောက်ကြာအောင် ၁၀ ယောက်ကျန် အနေအထားနဲ့ ကစားခဲ့ရပြီး အနိုင်ဂိုးအတွက် နောက်ဆုံးမိနစ်တွေထိ ရုန်းကန်ခဲ့ရပါတယ်။ ၁၆ မိနစ်မှာ ဂွမ်ဒိုဟွန် မျှောပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က အပြင်းကန်သွင်းပြီး စီးတီးတို့ ဦးဆောင်ဂိုး ရသွားပါတယ်။ ဒါပေမဲ့ ၂၆ မိနစ်မှာတော့ ဖူလ်ဟမ် ကစားသမားကို အဖျက်ကြမ်းပြီး ခြေထောက်ကိုပါ တက်နင်းခဲ့တဲ့အတွက် စီးတီးနောက်ခံလူ ကန်ဆယ်လို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ် ခံရပြီး ပင်နယ်တီပါ ပေးလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ဖူလ်ဟမ် ကွင်းလယ်လူ ပါရဲရားက အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး သွင်းယူပါတယ်။ နောက်ပိုင်းမှာတော့ စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ ဖိုဒန်နဲ့ ဟာလန်းတို့လို အဓိက တိုက်စစ်သမားတွေကိုပါ ထည့်သွင်းပြီး တိုက်စစ်ကို အရှိန်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟာလန်းက စီးတီးအတွက် ခေါင်းတိုက်ပြီး တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ပြီး ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။ စီးတီးအတွက် အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အပိုဆောင်းချိန် ၄ မိနစ်လောက် အရောက်မှာ ဒီဘရိုင်းကို ဖူလ်ဟမ်ဖက်က ကစားပုံ ကြမ်းခဲ့လို့ ရသွားတဲ့ ပင်နယ်တီကနေတဆင့် ဟာလန်းက မြေလှိမ့်ဘော ကန်သွင်းပြီး ရယူသွားခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီး ၀ – ၁ အာဆင်နယ်
လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးက နောက်ကနေ တရစပ် ဖိအားလိုက်ပေးနေပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ဖြတ်သန်းမှုကလည်း တည်ငြိမ် အားကောင်းနေဆဲပါ။ မြို့ခံပြိုင်ဘက် ချဲလ်ဆီးရဲ့ အိမ်ကွင်းမှာ ကစားရပေမယ့် အာဆင်နယ်ဟာ အခုပွဲကို အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ကြပါတယ်။ အာဆင်နယ်ရဲ့ ထိုးဖောက်မှုတွေကို ချဲလ်ဆီးဂိုးသမား မန်ဒီ သတိကြီးကြီး ကာကွယ်နေခဲ့ရပြီး ချဲလ်ဆီးဖက်မှာလည်း တိုက်စစ်မှူး ဟာဗက်ဇ်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် အခွင့်ကောင်းတချို့ ဆုံးရှုံးခဲ့ရပါတယ်။ ၆၂ မိနစ်မှာတော့ ဆာကာ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ချဲလ်ဆီး ခံစစ်က မရှင်းထုတ်နိုင်ဘဲ ဂိုးရှေ့ကို ကျလာရာက အာဆင်နယ် ခံစစ်မှူး ဂေဘရီရယ်လ်က အနီးကပ် လျှောထိုးပိတ်သွင်းပြီး ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို သွင်းယူသွားပါတယ်။ အခုပွဲ အနိုင်ရလဒ်ကြောင့် အာဆင်နယ်ဟာ တစ်ရက်ကြာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ စီးတီးရဲ့ နေရာကို ပြန်လည် သိမ်းယူလိုက်နိုင်ပါတယ်။
အက်စ်တန်ဗီလာ ၃ – ၁ မန်ချက်စတာယူနိုက်တက်
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဓိက ပြိုင်ဆိုင်နေတဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ရှုံးနိမ့်နေချိန်မှာ ယူနိုက်တက်က အခွင့်အရေး မယူနိုင်ဘဲ ဗီလာကို အရှုံးကြီး ရှုံးခဲ့ပါတယ်။ ယူနိုက်တက် လူစာရင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန် လုံလောက်တဲ့ အရန်အင်အား မရှိတာ၊ ကစားသမားတွေ အလွန်အကျွံ ပွဲပန်းနေတာတွေက အခုပွဲမှာ အရမ်းသိသာခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာပဲ ရမ်ဆေး ပေးပို့တဲ့ ဘောလုံးကို ဘိုင်လီက ဆွဲပြေးရင်း ထောင့်ဖြတ် ကန်ချက်နဲ့ ဗီလာအတွက် ဦးဆောင်ဂိုး သွင်းပါတယ်။ ၁၀ မိနစ်မှာတော့ ဗီလာ နောက်ခံလူ ဒစ်ဂ်နီက အရမ်းလှပ သေသပ်တဲ့ ပြစ်ဒဏ်ဘော ကန်ချက်မျိုးနဲ့ ဒုတိယဂိုး သွင်းယူသွားပြန်ပါတယ်။ နှစ်ဂိုးပြတ် နိုင်နေတဲ့နောက် ဗီလာက ခံစစ်ကို ပိုဂရုစိုက်ပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ယူနိုက်တက်ကို ချောင်းကစားဖို့ ကြိုးစားလာပါတယ်။ အဲဒီနောက် ယူနိုက်တက်ရဲ့ ရော်နယ်လ်ဒို၊ ဂါနာချိုတို့ ဂိုးသွင်းခွင့်တချို့ ရခဲ့ပေမယ့် ဗီလာဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ရှောရဲ့ အဝေးကန်ချက်က ရမ်ဆေးနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် ယူနိုက်တက်တို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ဝတ်ကင်စ် ချပေးတဲ့ ဘောလုံးကို ရမ်ဆေးက ဗီလာအတွက် အနိုင်သေချာစေမယ့် ဂိုးကို ကန်သွင်းယူသွားခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၁ – ၂ လီဗာပူးလ်
အသင်းငယ်တွေနဲ့တွေ့ရင် အမှတ်ပြုန်းတီးတတ်ပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရရင်တော့ ခြေစွမ်းပြလေ့ရှိတဲ့ လီဗာပူးလ်ဟာ ဒီပွဲမှာလည်း အင်အားကြီးပြိုင်ဘက် တော့တင်ဟမ်ရဲ့ အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ် ရယူပြသွားပါတယ်။ ပွဲအစ ၁၀ မိနစ်မှာ နူနက်ဇ်ရဲ့ အနီးကပ် ပေးပို့မှုကနေတဆင့် လီဗာပူးလ်ရဲ့ ဂိုးသွင်းစက် ဆာလားက တစ်ပတ်လှည့်ကန်ပြီး အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ တော့တင်ဟမ် နောက်တန်းရဲ့ ဆိုးရွားတဲ့ အမှားကနေ ဆာလား ဘောလုံးရသွားပြီး အပိုင်ကန်သွင်းပြန်တဲ့အတွက် လီဗာပူးလ်တို့ နှစ်ဂိုးပြတ် အသာစီး ရလာပါတယ်။ ဒုတိယပိုင်းမှာ တော့တင်ဟမ်က တိုက်စစ် ပိုဖွင့်လာပြီး အခွင့်အရေးတွေလည်း ပိုရလာပေမယ့် တိုင်ထိတာ၊ ဂိုးသမား အလီဆန် ကာကွယ်တာတွေကြောင့် ဂိုးရဖို့ ခက်နေခဲ့ပါတယ်။ ၆၉ မိနစ်မှာတော့ ကူလူဆက်ဗ်စကီ မျှောထုတ်ပေးတဲ့ ဘောလုံးကို တော့တင်ဟမ် တိုက်စစ်မှူးကိန်းက ထောင့်ဖြတ် ကန်သွင်းပြီး အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
လိဒ်စ်ယူနိုက်တက် ၄ – ၃ ဘွန်းမောက်သ်
နော်တင်ဟမ်ဖောရက်စ် ၂ – ၂ ဘရန့်ဖို့ဒ်
ဝုလ်ဗ် ၂ – ၃ ဘရိုက်တန်
အဲဗာတန် ၀ – ၂ လက်စတာစီးတီး
ဆောက်သမ်တန် ၁ – ၄ နယူးကာဆယ်ယူနိုက်တက်
ဝက်စ်ဟမ်းယူနိုက်တက် ၁ – ၂ ခရစ္စတယ်လ်ပဲလေ့စ်