ပြစ်မှုကြီး ကျူးလွန်သူတွေ ထောင်ကလွတ်လွတ်ချင်း စစ်မှုထမ်းဖို့ ရုရှား ခွင့်ပြု 

လူသတ်သမားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုစတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ဖူးတဲ့ အကျဉ်းသားဟောင်းတွေကို စစ်မှုထမ်းခွင့် ပြုသွားမယ်လို့ ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။ 

အရင်က ပြစ်မှုကြီးတွေ ကျူးလွန်ဖူးသူတွေဟာ ထောင်ကလွတ်ပြီး မကြာခင် အတောအတွင်း ရုရှားစစ်တပ်မှာ အမှုထမ်းခွင့် မရပေမယ့် အခုအခါမှာတော့ သမ္မတ ဗလာဒီမာ ပူတင် လက်မှတ်​ရေးထိုး အတည်ပြုပေးလိုက်တဲ့ ဥပဒေ အပြောင်းအလဲအရ ယူကရိန်း ရှေ့တန်း စစ်မြေပြင်ဆီ သွားရောက် အမှုထမ်းနိုင်တော့မယ့် အဓိပ္ပါယ်ပါပဲ။ 

ဥပဒေ အပြောင်းအလဲအရ ပြစ်မှုကြီးတွေ ကျူးလွန်ပြီး ထောင်က လောလောလတ်လတ် လွတ်လာသူတွေဟာ ရုရှားစစ်တပ်မှာ ချက်ချင်း ဝင်ရောက် အမှုထမ်းလို့ ရလာတော့မှာပါ။ ဒါပေမဲ့ ကလေးသူငယ်တွေအပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်ခဲ့သူတွေ၊ အကြမ်းဖက်မှုနဲ့ ထောင်ကျခဲ့ဖူးသူတွေကိုတော့ ခြွင်းချက် အနေနဲ့ စစ်မှုထမ်းခွင့် ဆက်ပြီး ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။ 

လေ့လာသူတွေကတော့ အခုဥပဒေ အပြောင်းအလဲဟာ ရုရှား အစိုးရ အနေနဲ့ စစ်သား ရှားပါးလာမှုကို ကြံမိကြံရာ ဖြေရှင်းတဲ့ လုပ်ရပ်တစ်ခုလို့ သုံးသပ်နေကြပါတယ်။ နောက်ပိုင်းမှာ ရုရှား အကျဉ်းသားတွေဟာ ယူကရိန်းမှာ စစ်မှုသွားထမ်းရင် ပြစ်ဒဏ်လျှော့ပေါ့ လွတ်မြောက်မယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေပါ တရားဝင် ရရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ 

အရင်ကတည်းက ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ မုဒိမ်းမှု၊ လူသတ်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲ ခံနေရတဲ့အချိန် ထောင်ကျ အကျဉ်းသားဟောင်းတွေကိုပါ စစ်ပွဲမှာ အသုံးပြုဖို့ ပြင်ဆင်လာတာပါ။ ရုရှားကတော့ အဲဒီလို စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

အရင်ကတည်းက ပူတင်ရဲ့ လက်ရုံး ကြေးစားတပ်လို့ နာမည်ကြီးတဲ့ Wagnerက ရုရှား အကျဉ်းထောင်တွေထဲမှာ စစ်မှုထမ်းဖို့ လိုက်လံ စည်းရုံးနေတဲ့ မှတ်တမ်း ဗီဒီယိုတွေ ပေါက်ကြားလာဖူးပါတယ်။ နိုဝင်ဘာ ၄ ရက်မှာတော့ Wagnerဟာ ရုရှားနိုင်ငံမှာ ပထမဆုံး တရားဝင် ရုံးခန်းကို စိန့်ပီတာစဘက်ဂ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Wagner အဖွဲ့သားတွေဟာ ယူကရိန်းနဲ့ ဆီးရီးယား စစ်မြေပြင်မှာ ရုရှားအတွက် ပါဝင် တိုက်ခိုက်ပေးခဲ့ကြပါတယ်။