မန္တလေးမှာ ရဲစခန်းနားရပ်ထားတဲ့အချုပ်ကား လက်လုပ်ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က အမှတ် (၁၁) ရဲစခန်းနားရပ်ထားတဲ့အချုပ်ကားကို ဒီကနေ့ နိုဝင် ဘာ (၁)ရက်မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ် ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သုံးဦးထိခိုက်ခဲ့တယ်လို့ မျက်မြင်မြို့ခံတဦးက DNA ကိုပြောပါတယ်။

“ဖြစ်ဖြစ်ချင်းက(စစ်ကောင်စီက) တွေ့တဲ့လူပစ်တာ၊ မှားဖမ်းတာတော့ တစ်ယောက်ရှိတယ်၊ ပြန် လွတ်လား မလွတ်လားတော့ မသိဘူး၊ အနီးနားရပ်ကွက်ထဲကို ဝင်ဖမ်းတာ” လို့ သူကပြောပါတယ်။

လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ် ကောင်စီဘက်ကအချုပ်ကားယာဥ်မောင်းရဲတပ်ဖွဲ့ဝင်နဲ့အမျိုးသမီးရဲမေတဦး၊အချုပ်ကားအနီးဆိုင်ကယ်နဲ့ရှိနေတဲ့အရပ်ဝတ်ရဲတဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေကို လူနာတင်ယာဥ်နဲ့ ခေါ်ဆောင်သွားတာတွေ့ရပြီး သေဆုံးမှုရှိမရှိ ကို တော့မသိရသေးဘူးလို့ မန္တလေးမြို့ တော်လှန်ရေး လှုပ်ရှားမှုသတင်းတွေဖော်ပြပေးနေတဲ့ Voice Of Mandalayလူမှုကွန်ရက်စာမျက်နှာကဖော်ပြပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရမှုအပြီးမှာစစ်ကောင်စီက ဖြတ် သွားဖြတ်လာတချို့ကို ဖမ်းဆီးတာရှိသလို မန္တလေး မြို့တွင်းမှာ CCTV တပ်ဆင်ထား တဲ့နေအိမ်တွေ ဆီက မှတ်တမ်းတွေတောင်းယူတာ၊ဆိုင်ကယ်စီးလူ ငယ်တွေကိုတင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့ Voice Of Mandalay ကဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်အသိပေးတာမရှိသေးပါဘူး။

မန္တလေးမြို့မှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို PDF တွေဆီပို့ဆောင်မယ့် ဆေးဝါးတွေနဲ့အတူ ဖမ်း မိကြောင်း စစ်ကောင်စီသတင်းစာ တွေမှာဖော်ပြလာတဲ့ ဒီကနေ့မှာပဲ ချမ်းမြသာစည်မြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့တာပါ။

ဒီကနေ့မနက်ပိုင်းကပဲအောင်မြေသာစံမြို့နယ် ၁၂လမ်းနဲ့ ၈၈လမ်းထောင့်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီကား သုံးစီးကို မြို့ပြပြောက်ကျားအဖွဲ့သုံးဖွဲ့ပူးပေါင်းပြီးပဒေသာမိုင်း သုံးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power-GZP ကသတင်းထုတ်ပြန်ထားပါတယ်။