မတူပီမြို့က Non CDM မြို့နယ်ပညာရေးမှုး ဦးတင်လွေးဟာ မနေ့က အောက်တိုဘာ (၁၆) ရက်ညပိုင်းမှာ နေအိမ်မှာပဲ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
“မနေ့ည ရှစ်နာရီ၀န်းကျင်လောက်မှာ သူ့အိမ်နားတ ၀ိုက်မှာပဲ သေနတ်သံသုံး၊လေးချက်လောက် ကြားရတယ်၊ ခဏကြာတော့ သူသေပြီဆိုတဲ့သတင်း တခါတည်းကြားရတယ် “လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။
မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို လက်နက်ကိုင်တချို့က လာရောက်ပစ်ခတ်သွားတယ်လို့သာ လတ်တလောသိရပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
မတူပီမြို့မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဓိက လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ CDF မတူပီကလည်း အဲ့ဒီပတ်ခတ်မှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မြို့နယ် ပညာရေးမှူး ဦးတင်လွေးဟာ အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိပြီး CDM မဝင်ထားသလို စစ်ကောင်စီအလိုကျ ဆောင်ရွက်တတ်လို့ ဒေသတွင်းမှာ နာမည်ဆိုးထွက်သူဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း မတူပီမြို့နယ် ပညာရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခံရပြီးကတည်း မြို့နယ်ပညာရေးမှူး ဦးတင့်လွင်ဟာ ကိုယ်တိုင်ရုံးမတက်တော့သလို ဝန်ထမ်းတွေကိုလည်း နေအိမ်ကိုခေါ်ယူပြီး ရုံးကိစ္စတွေကိုနေအိမ်မှာပဲ လုပ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။