ရန်ကုန်ပြည်သူတွေ သွေးအေးမသွားဖို့ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့ပြော

Photo – CJ (ရန်ကုန်မြို့မှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်)

ရန်ကုန်မှာပြည်သူတွေ သွေးအေးမသွားဖို့ စစ်ကောင်စီတပ်တွေကို ကျရာနေရာကနေ တိုက်ခိုက်မှုတွေ လုပ်နေ တာဖြစ်တယ်လို့ ရန်ကုန်တိုင်းအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Defenders အဖွဲ့ က DNA ကိုပြောပါတယ်။

HRD အဖွဲ့အနေနဲ့ တစ်ဖွဲ့တည်းဖြစ်စေ၊ တခြား မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးဖြစ်စေ ရန်ကုန် တိုင်း မှာရှိတဲ့ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေကို အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်နေတယ်လို့သိရပါတယ်။

“မစ်ရှင်တိုင်းကတော့ လွယ်ကူတယ်ဆိုတာ မရှိပါဘူးဗျ၊ အဓိကပြောချင်တာက ပြည်သူတွေအနေနဲ့ စကစတွေရဲ့ အနီးမှာမနေဘဲ အတတ်နိုင်ဆုံး ဝေးဝေးရှောင်ကြပါလို့ ပြောပါရစေဗျ” လို့ HRD ပြန် ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြို့ပြတွေမှာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေး ဖမ်းဆီး သတ်ဖြတ်မှုတွေလုပ်နေပေမယ့်လည်း အာဏာသိမ်းကာလ နှစ်နှစ်နီးပါးရှိလာချိန်အထိ မြို့ပြ ပြောက်ကျား တော်လှန်ရေး အင်အားစုတွေကို ဖြိုခွဲနိုင်ခြင်းမရှိသေးပါဘူး။

HRD အဖွဲ့ဟာ မနေ့က အောက်တိုဘာ(၁၂)ရက်ညရှစ်နာရီဝန်းကျင်က စစ်ကောင်စီ စစ်ကြောရေးတပ်ရဲ့ အိမ်ထောင်သည်လိုင်းခန်းအနီးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် ကျဆုံး မှုရှိနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

“ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါဗျ၊ ခွေးမပြေးသရွေ့ကတော့ စကစတွေနဲ့ စကစ ထောက်တိုင်တွေ ကိုတိုက်ခိုက်နေမှာပါ”လို့ HRD အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မနေ့ည ရှစ်နာရီခွဲဝန်းကျင်မှာပဲ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်၊ တော်ဝင်လမ်းက စစ်ကောင်စီ ဆက် သွယ် ရေးတပ် အိမ်ထောင်သည်လိုင်းခန်းကို အဝေးထိန်းဗုံး တစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပျက်စီးမှု အတိအကျ မသိ ရသေးဘဲ အဖွဲ့သားတွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ War Of Hunter Revolution Force ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ရန်ကုန်မြို့ပြ အင်အားစုတွေ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဖြစ်ပေ မယ့် လက်ရှိအချိန်အထိ ရန်ကုန်မှာ ပြောက်ကျားဆန္ဒပြမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာပါ။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးပတ်အတွင်း နဝတခေတ်သံအမတ်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်း တဦးဖြစ်တဲ့ ဦးအုန်းသွင်နဲ့ သားမက်တို့ နေအိမ်မှာပဲ ပစ်ခတ်သတ်ဖြတ်ခံရသလို အခုလအတွင်းမှာ လည်း ဖောက်ခွဲ တိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။