ဒုံးကျည်တွေ ပစ်ခတ်ပြပြီး မြောက်ကိုရီးယားကို တုံ့ပြန်လာတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား 

ဂျပန်နိုင်ငံကို ကျော်ပြီး မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ပြခဲ့တဲ့နောက် တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေ ပူးပေါင်းပြီး ဒုံးကျည်တွေ တုံ့ပြန် ပစ်ခတ်ပြခဲ့ပါတယ်။ 

အောက်တိုဘာ ၄ ရက်က မြောက်ကိုရီးယားဟာ အခုနှစ်အတွက် ခရီးတာ အဝေးဆုံးထိ ပျံသန်းရောက်ရှိတဲ့ ဒုံးကျည် တစ်စင်းကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ဂျပန် လေပိုင်နက်ကို ကျော်ပြီး ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့ပါတယ်။ 

အမေရိကန်နဲ့ ဂျပန် အစိုးရတွေက မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို အဆင်ခြင် ကင်းမဲ့တဲ့ ရန်လိုမှု တစ်ခုအဖြစ် အပြင်းအထန် ရှုတ်ချထားကြပါတယ်။ နောက်တစ်နေ့မှာတော့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေက ပူးပေါင်းပြီး ပင်လယ်ပြင်ဖက်ကို ဒုံးကျည်တွေ ပစ်ခတ် အင်အားပြခဲ့ပါတယ်။ အဲဒီ မတိုင်ခင်ကလည်း မဟာမိတ် နှစ်နိုင်ငံဟာ ပင်လယ်ဝါ ဒေသမှာ တိုက်လေယာဉ်တွေ ပါဝင်ပျံသန်းတဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ လေ့ကျင့်ခဲ့ပါတယ်။ 

 အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေး သုတေသီတွေက မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Hyunmoo-2 အမျိုးအစား တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့ သီးခြားစီ အတည်ပြုခဲ့ကြပါတယ်။ အဲဒီဒုံးကျည်က နိုင်ငံ လေပိုင်နက်ပေါ် ကျော်ပြီး ပျံသန်းသွားတဲ့ အချိန်မှာ ဂျပန် အစိုးရက ဟော့ကိုင်းဒိုးကျွန်းမှာ နေထိုင်သူတွေကို အကာအကွယ်ယူ ရှောင်တိမ်းကြဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့က မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘောတူညီမှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၇ တုန်းကလည်း ဂျပန် လေပိုင်နက်ကိုကျော်ပြီး ဒုံးကျည် စမ်းသပ်ခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ကမ္ဘာ့လေထု အပြင်ဖက်နားထိ ပျံတက်ပြီးတဲ့နောက် မီတာ ၄၆၀၀ ကျော် ခရီးပေါက်အောင် ပျံသန်းပြီးမှ ပင်လယ်ထဲ ထိုးကျသွားခဲ့ကြောင်း သိရပါတယ်။