ရုရှားနဲ့ စစ်သုံ့ပန်းချင်း လဲလှယ်နိုင်အောင် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ တူရကီ အစိုးရကို ကျေးဇူးတင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားပါတယ်။
ရုရှား ဖမ်းဆီးတာ ခံထားရတဲ့ ယူကရိန်းသားတွေကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဝမ်ကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ဗီဒီယို မိန့်ခွန်းတစ်ခုမှာ ပြောသွားခဲ့တာပါ။ အခုလထဲမှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ တူရကီရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အပြန်အလှန် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇီလန်စကီးက သူ့မိန့်ခွန်းထဲမှာ ယူကရိန်းသားတွေလို့ ခြုံပြောသွားပေမယ့် ရုရှားလက်က ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ယူကရိန်းအတွက် စေတနာ့ ဝန်ထမ်းအဖြစ် ကူညီ တိုက်ခိုက်ပေးတဲ့ နိုင်ငံခြားသား တချို့လည်း ပါဝင်ခဲ့ပါတယ်။
စေ့စပ် ညှိနှိုင်းမှုတွေအရ ယူကရိန်း စစ်သားတွေရဲ့ တူရကီမှာ နေထိုင်တဲ့ ဆွေမျိုးတွေကိုလည်း ဆန္ဒရှိရင် ယူကရိန်းဆီ လာရောက် လည်ပတ်ခွင့် ပြုခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ သူဟာ အခုသီတင်းပတ် အစောပိုင်းမှာ အာဒိုဝမ်နဲ့ ဖုန်းပြောခဲ့ပြီး ကာကွယ်ရေး ကဏ္ဍအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လည်း အလေးအနက် ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။
တူရကီရဲ့ ကြားဝင် စေ့စပ်မှုအရ စက်တင်ဘာ ၂၁ ရက်မှာ ယူကရိန်းက ရုရှား စစ်သား ၅၅ ယောက်ကို ပြန်လွှတ်ပေးပြီး ရုရှားကလည်း နိုင်ငံခြားသားတွေ အပါအဝင် ယူကရိန်း စစ်မှုထမ်း ၂၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီသတင်းကို နှစ်ဖက်စလုံးက အတည်ပြုပါတယ်။
တူရကီဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ အတတ်နိုင်ဆုံး ကြားနေဖို့ ဟန်ချက်ထိန်းညှိ ရပ်တည်ခဲ့ပါတယ်။ တူရကီ အစိုးရက စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြောဆိုပြီး တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ ပေးပို့ပေမယ့် တစ်ဖက်မှာတော့ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့တဲ့ NATO မဟာမိတ် အဖွဲ့ရဲ့ အစီအမံတွေနဲ့ ခပ်ကင်းကင်း နေခဲ့ကြောင်း သိရပါတယ်။