မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ပြခဲ့ပြီး နောက်တစ်နေ့မှာ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဟာ တောင်ကိုရီးယား နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာ ဟားရစ်ဟာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိလာကြောင်း နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ အဲဒီမတိုင်ခင်တစ်ရက် ညပိုင်းမှာ မြောက်ကိုရီးယားဟာ နိုင်ငံ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း တာတိုပစ် ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို ပစ်လွှတ်ခဲ့ဖူးပါတယ်။
စက်တင်ဘာ ၂၈ ရက် ညပိုင်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ရန်စတဲ့ အပြုအမူအဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေနဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် မရှိကြောင်း ကုလသမဂ္ဂက ဆုံးဖြတ် အရေးယူထားတာကို မလိုက်နာဘဲ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီးယားလက်နက် နည်းပညာတွေကို အစဉ်တစိုက် မြှင့်တင်နေခဲ့ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဟားရစ်ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော် ဈာပနကို တက်ရောက်ပြီးတဲ့နောက် တောင်ကိုရီးယားကို ခရီးဆက်လာခဲ့တာပါ။ သူဟာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန် (DMZ)သတ်မှတ်ရာ နယ်စပ်ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ DMZဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အထူထပ်ဆုံး ဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။
ဟားရစ် တောင်ကိုရီးယားကို ရောက်မလာခင် ၄ ရက်အတွင်း မြောက်ကိုရီးယားက ဒုံးကျည် ၃ စင်း ပစ်ခတ်ပြခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ မေလမှာ တောင်ကိုရီးယား သမ္မတအဖြစ် စတင်ယူခဲ့သူ ယွန်ဆွတ်ယိုလ်က မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက်နိုင်ငံအပေါ် ပိုမိုခက်ထန်တဲ့ မူဝါဒတွေနဲ့ တုံ့ပြန် ဆက်ဆံသွားမယ်လို့ ကြုံးဝါးထားခြင်းကလည်း ကိုရီးယား နှစ်နိုင်ငံကြား ရင်ကြားစေ့ဖို့ ပိုမိုခက်ခဲလာပါတယ်။
အခုလ အစောပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သလို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ လုံးဝ လုပ်ဆောင်မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားသွားခဲ့ပါတယ်။