တိုင်ဖွန်းမုန်တိုင်းကြီး ဦးတည်လာလို့ ဖိလစ်ပိုင်မှာ အရေးပေါ် အစီအမံတွေ လုပ်ဆောင်နေ 

Photo – AP

နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေကို ချဉ်းကပ်လာတဲ့ စူပါတိုင်ဖွန်း မုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင် နိုင်ငံမှာ ထောင်နဲ့ချီ များပြားတဲ့ လူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးထားရသလို မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ လျော့ကျအောင်လည်း အစီအမံတွေ ကြိုတင်ရေးဆွဲ ပြင်ဆင်နေပါတယ်။ 

စက်တင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းကြီး နိုရူဟာ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ အရှေ့ဖျားက ကျွန်းသိမ်ကျွန်းမွှားတွေဆီ စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ နိုရူဟာ ဖိလစ်ပိုင်ရဲ့ လူနေ အသိပ်အသည်းဆုံး ပင်မကြီးကျွန်းဖြစ်တဲ့ လူဇုန်ကို ဦးတည်နေပြီး နိုင်ငံရဲ့ လူဦးရေ သန်းပေါင်း ၁၁၀ အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ 

မိုးလေဝသ ပညာရှင်တွေက ဖိလစ်ပိုင်မှာ မုန်တိုင်းရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် သက်ရောက် ခံစားရနိုင်ကြောင်း သတိပေးထားပါတယ်။ မုန်တိုင်း ဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက် မြေနိမ့်ပိုင်း ဧရိယာတွေမှာ နေထိုင်သူ ၈၄၀၀ ကျော်ကို ရွှေ့ပြောင်းပေးထားပြီး မြို့တော် မနီလာ တဝိုက်မှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကြေညာထားပါတယ်။ 

မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ နောက်ဆုံး ၂၄ နာရီအတွင်း တစ်နာရီ ၉၀ ကီလိုမီတာနှုန်း တိုးလာတဲ့အတွက် အခုဆိုရင် တစ်နာရီ ၂၄၀ ကီလိုမီတာလောက်ထိ အားပြင်းနေပါတယ်။ ဖိလစ်ပိုင် မိုးလေဝသ အေဂျင်စီက လေတိုက်နှုန်း ပြင်းထန်မှု အန္တရာယ် သတိပေးချက်ကိုလည်း အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားပါတယ်။ 

မုန်တိုင်း မဝင်ရောက်မီ ကတည်းက ဖိလစ်ပိုင် အနှံ့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ဆည်အများစု ရေလျှံနေပြီလို့ ဆိုပါတယ်။ ဒါကြောင့် ဆည်အောက်ပိုင်း ဧရိယာတွေမှာ နေထိုင်သူတွေကိုလည်း လိုအပ်ရင် ရွှေ့ပြောင်းဖို့အတွက် အချိန်နဲ့ တပြေးညီ သတင်းနားစွင့်နေသင့်ကြောင်း အာဏာပိုင်တွေက အကြောင်းကြားထားပါတယ်။ 

ဖိလစ်ပိုင် နိုင်ငံ အနှံ့အပြားက လေယာဉ်နဲ့ ကူးတို့ယာဉ် ပြေးဆွဲမှု အားလုံးကိုလည်း ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တစ်နိုင်ငံလုံးက အစိုးရရုံးတွေနဲ့ ကျောင်းတွေ ပိတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။ 

အရေအတွက် ၇၀၀၀ လောက် ပါဝင်တဲ့ ကျွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်ဟာ မုန်တိုင်းလမ်းကြောင်းတွေ အဖြတ်သန်းဆုံး ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်ပြီး ပျမ်းမျှ တစ်နှစ်ကို တိုင်ဖွန်းမုန်တိုင်း ၂၀ လောက် တိုက်ခတ်တာ ကြုံရလေ့ ရှိပါတယ်။ ၂၀၁၃ ခုနှစ်ကတော့ နိုင်ငံသမိုင်းမှာ ကြုံဖူးသမျှ ဖျက်ဆီးအား အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြီး ဟိုင်ယန် တိုက်ခတ်ခဲ့ပြီး လူပေါင်း ၆၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။