မူဆိုလီနီနောက်ပိုင်း အီတလီရဲ့ ပထမဆုံး လက်ယာစွန်း ဝန်ကြီးချုပ် ထွက်ပေါ်လာဖွယ်ရှိ

Photo – Bloomberg

အီတလီ ရွေးကောက်ပွဲမှာ ဂျော်ဂျီယာ မယ်လိုနီ ဦးဆောင်တဲ့ လက်ယာစွန်း မဟာမိတ်တွေ ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြောင်း ကနဦးအဆင့် ရရှိတဲ့ မဲရလဒ်တွေက ညွှန်ပြနေပါတယ်။ 

မဲရလဒ်တွေကို တရားဝင် အတည်ပြု ကြေညာပြီးပြီ ဆိုရင်တော့ မယ်လိုနီဟာ အီတလီ နိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်လာပါလိမ့်မယ်။ ဒါ့အပြင် သူဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူ ဖက်ဆစ်ခေါင်းဆောင် ဘင်နီတို မူဆိုလီနီနောက်ပိုင်း အီတလီမှာ အာဏာရတဲ့ ပထမဆုံး လက်ယာစွန်း နိုင်ငံရေးသမား ဖြစ်လာမှာပါ။ 

မယ်လိုနီ ဦးဆောင်နေတဲ့ အီတလီရဲ့ ညီနောင်များ ပါတီဟာ နီယိုဖက်ဆစ် အခြေခံ ဝါဒ​တွေကို လက်ခံထားပါတယ်။ နီယို ဖက်ဆစ်တွေဟာ အီတလီမှာ ဘယ်တုန်းကမှ အာဏာ မရခဲ့ဖူးပေမယ့် မူဆိုလီနီ ကျဆုံးခဲ့တဲ့ ကာလနောက်ပိုင်း အီတလီရဲ့ လက်ယာစွန်း အစိုးရတစ်ရပ် ပြန်ဖွဲ့စည်းဖို့ အစဉ်တစိုက် အားထုတ်နေခဲ့တာပါ။ 

အခုဆိုရင် မဲအားလုံးရဲ့ ၂၆ ရာခိုင်နှုန်းလောက်ရဲ့ အတည်ပြု ရလဒ်တွေ ထွက်ပေါ်နေပြီး မယ်လိုနီဟာ ဝန်ကြီးချုပ် ရာထူးကို ရယူဖို့ ပြတ်ပြတ်သားသား အသာရနေကြောင်း အီတလီ မီဒီယာတွေက ဖော်ပြပါတယ်။ မယ်လိုနီသာ အာဏာရလာရင်တော့ ဥရောပ သမဂ္ဂအတွက် နောက်ထပ် ခေါင်းခဲစရာ အခြေအနေ တစ်ခုလို့ ဆိုရမှာပါ။ မကြာသေးခင်ကလည်း ဆွီဒင်က ရွေးကောက်ပွဲတွေမှာ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေ အသာစီး ရခဲ့ပါတယ်။ 

မယ်လိုနီက ဘုရားသခင်၊ နိုင်ငံနဲ့ မိသားစုအတွက်လို့ ကြွေးကြော်ကြီး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာပါ။ သူဟာ အစောပိုင်းက ဥရောပရဲ့ အကြီးမားဆုံး စီးပွားရေး အင်အားစုတွေထဲက တစ်ခုဖြစ်တဲ့ အီတလီ အနေနဲ့ ယူရိုဇုန်ကနေ နုတ်ထွက်သင့်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အဲဒီ အမြင်ကို စွန့်ပယ်လိုက်ပေမယ့် ယူရိုဇုန်ကနေ အီတလီ ရရှိနေတဲ့ အကျိုးအမြတ် ဝေစုတွေကို မြှင့်တင်ပေးသင့်ကြောင်း စည်းရုံးနေခဲ့ပါတယ်။ 

သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ မက်တီယို ဆယ်လ်ဗီနီရဲ့ လက်ယာစွန်း အဖွဲ့ချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီရဲ့ ဖော်ဇာ အီတာလီယာ ပါတီတွေကတော့ ရွေးကောက်ပွဲမှာ သိပ်အခြေမလှပါဘူး။ ဒါပေမဲ့ အဲဒီ မဟာမိတ် အင်အားစု တစ်ခုလုံးဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၄၃ ရာခိုင်နှုန်းအထက် ရရှိမယ်လို့ ယုံကြည်ရပြီး လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်မယ့် အင်အားမျိုး ပိုင်ဆိုင်လာဖွယ် ရှိနေပါတယ်။ 

ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် မကြေညာသေးပေမယ့် ပိုလန် ဝန်ကြီးချုပ် မက်တူးဇ် မိုရာဝစ်ကီ၊ စပိန် လက်ယာစွန်းပါတီ ဗော့ဇ်နဲ့ ဥရောပ တနံတလျားက မယ်လိုနီရဲ့ နိုင်ငံရေး မဟာမိတ်တွေက ဂုဏ်ပြုကြောင်း သတင်းစကားတွေ စတင် ပေးပို့နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ အီတလီ ရွေးကောက်ပွဲမှာ မျှော်လင့်ထားတာထက် မဲပေးသူဦးရေ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်တွေရဲ့ ၆၄ ရာခိုင်နှုန်းလောက်သာ မဲရုံတွေဆီ ရောက်လာခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ရွေးကောက်ပွဲမှာတော့ မဲပေးသူ ၇၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။