၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တန်းပါဆင်းခဲ့ရတဲ့ အင်္ဂလန် ဘောလုံးအသင်း 

Photo- Independent

အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းဟာ အီတလီကို အရေးနိမ့်ခဲ့တဲ့နောက် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာရပြီ ဖြစ်ပါတယ်။

မီလန်မြို့က ဆန်စီရို ကွင်းကြီးထဲမှာ အိမ်ရှင်တွေကို ၁-၀ နဲ့ ရှုံးနိမ့်သွားတဲ့နောက် အင်္ဂလန်ဟာ ဥရောပ နိုင်ငံများ အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့်အမြင့်ဆုံး အုပ်စုအဆင့်ကနေ တန်းဆင်းရဖို့လည်း သေချာသွားပါပြီ။ ပိုပြီး ဆိုးရွားတဲ့ အချက်က အင်္ဂလန်ဟာ နောက်ဆုံး ၅ ပွဲမှာ ပင်နယ်တီကြောင့် ရခဲ့တဲ့ သွင်းဂိုး ၁ ဂိုးသာ ရှိခဲ့ပါတယ်။

ဘောလုံးဘိုးအေတွေလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အင်္ဂလန် အတွက်တော့ ဒီအခြေအနေတွေက လက်ခံဖို့ ခက်ခဲလွန်းပါတယ်။ ၈ နှစ်တာအတွင်း ရလဒ်ပိုင်း အဆိုးရွားဆုံး အခြေအနေတွေကို ကြုံလာတဲ့နောက် အင်္ဂလန် မန်နေဂျာ ဂါရတ်သ် ဆောက်ဂိတ်သ်အပေါ် ဖိအားတွေလည်း မြင့်တက်လာခဲ့ပါတယ်။

အထူးသဖြင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ဖို့ ၂ လလောက်သာ လိုတော့တဲ့ အချိန်မှာ အင်္ဂလန်က ၅ ပွဲဆက် နိုင်ပွဲပျောက်နေခြင်းက ပရိသတ်တွေအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာပါတယ်။ အဲဒီ ၅ ပွဲမှာ ဟန်ဂေရီကို ၄-၀ နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲစဉ်မျိုးလည်း ပါဝင်နေပါတယ်။

ဆန်စီရိုက ပွဲစဉ်မှာတော့ နာပိုလီ အသင်းရဲ့ တိုက်စစ်ကစားသမား ဂီယာကိုမို ရက်စ်ပါဒိုရီက အီတလီအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား မတိုင်မီ နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် သီတင်းပတ်မှာ ဂျာမနီနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။  

Ref: Goal