ဘုတလင်မြို့နယ် အောင်သာရွာမှာ ဘုန်ကြီးကျောင်းနဲ့ နေအိမ်လေးဆယ်ဝန်းကျင်ကိုစစ်တပ် မီးရှို့

Photo – ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အောင်သာကျေးရွာမှာ ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် လေးဆယ်ဝန်း ကျင်လောက် စစ်တပ်က မီးရှိ့ဖျက်ဆီးလို့ ပျက်စီးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီ တပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေအပြင် ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အောင်သာကျေးရွာ မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာ အခုလိုမျိုး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် အောင်သာကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံ လူဦးရေထောင်ချီ တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ ရွာတွေထဲ ပြန်ပြီး ဝင်ရောက်နေထိုင်နိုင်တဲ့ အခြေအနေမရှိသေးလို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဘုတလင်မြို့နယ် အောင်ချမ်းသာ၊သက်ရှည်ကန် နဲ့ မင်းရွေး ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံလေးယောက်ထက် မနည်းဖမ်းခေါ်သွားကာ တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။