ကလေးမြို့မြောက်ဘက်က ရွာခြောက်ရွာကို စစ်ကောင်စီက စက်တင်ဘာ (၉)ရက်ကစလို့ လျှပ်စစ်မီး ဖြတ်တောက်ထားပြီး တရွာကို မီတာခ သိန်းငါးဆယ်ကနေ သိန်းတရာကြား ရွာအလိုက်မီတာခကောက်ခံဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“သူတို့က ရွာအလိုက်ကောက်တာ၊ တစ်အိမ်ချင်းမဟုတ်ဘူး၊နန်းဇလူရွာဆိုရင် တစ်ရွာလုံး သိန်း (၅၀) မီတာကြေး တောင်းတယ်၊ နတ်ကြီးကုန်းလိုရွာမျိုးကြတော့ ရွာကြီးတော့များတောင်းတာများမယ်ထင်တယ်” လို့ ကလေး မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့ ရွာတွေက ကလေးမြို့အနီး မြောက်ဘက်က နန်းဇလူရွာ၊ စံပြရွာ ၊ရွာလှရွာ ၊မင်းလှရွာ ၊နတ်ကြီးကုန်းရွာ နှင့် ပျဉ်းခုံလေးရွာတွေဖြစ်ပြီး မီးဖြတ်ခံရတဲ့ရွာတွေမှာ စစ်တပ်ထောက်ခံသူတွေက မီတာကြေးပေးဆောင်ဖို့ လှည့်လည်စည်းရုံးနေတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
“တစ်မြို့နယ်လုံးနီးပါးမဆောင်မကြဘူးလေ၊ကျနော်တို့ဘက်ရွာတွေက ပထမဦးဆုံးဆောင်ခိုင်းတာ၊ မီးမရတော့ ချက်ပြုတ်ရေး၊ ဖုန်းအားသွင်းတာကအစ ခက်တော့တာ၊ ဆိုလာတွေ၊ ဘက်ထရီတွေဆိုတာလည်း ခုချိန်ကမရှိတဲ့ အိမ်များတယ်၊ဆောင်ရင်ရွာလုံးကျွတ်စုဆောင်ရမယ် ၊တကယ်ကိုပေးစရာမရှိတဲ့အိမ်တွေလ ည်းရှိတာပဲ၊ ဘယ်လိုတွေဖြစ်ဦးမယ်မသိဘူး” လို့ လက်ရှိမီးဖြတ်ခံထားရတဲ့ ရွာတရွာက ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာလအတွင်း မြို့တွင်းတိုက်ခိုက်မူတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရအပြီးမှာ ကလေးမြို့ မြောက်ဘက်ကပ်ရက် ရွာခြောက်ရွာကို လျပ်စစ်မီးဖြတ်တောက်ကာ မီတာခကောက်ဖို့ကြိုးစားနေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း မြို့တွင်းသွားလာသူတွေကို ရှောင်တခင်စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။