မြိုင်မှာ စစ်ကောင်စီက သဒွတ်ကျေးရွာကို မီးထပ်ရှို့လို့ နေအိမ် ခုနစ်ဆယ်ဝန်းကျင်ပျက်စီး

Photo. MHG
စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အထိနာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာအနီးက သဒွတ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်အလုံး (၇၀)ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“သူတို့ဘက်က အကျအဆုံးများလို့ဖြစ်မယ်၊နောက်ကြောင်းပြန်ဆုတ်ရင်းအနီးအနားက သဒွတ်ရွာ ကိုမီးထပ် ရှို့ သွားတာ အိမ်ခြေ ၇၀ခန့်မီးလောင်ဆုံးရှုံးခဲ့ပါတယ်”လို့ Myaing’s Hero Generation PDF ပြန်ကြားရေး တာဝန်ခံ ကိုမိုက်တီးက DNA ကိုပြောပါတယ်။
သဒွတ်ကျေးရွာအနောက်ဘက်ကို အင်အား တရာလောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေဟာ ဩဂုတ် ၂၂ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က (၁၅)ဦး သေကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မိနစ်လေးဆယ်လောက်ကြာတဲ့ အဲ့ဒီတိုက်ပွဲအပြီး ပြန်ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်တပ်က သဒွတ်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီရွာကိုအခုနှစ် (၁)လပိုင်းတုန်းကလည်း စစ်တပ်က မီးရှို့ ဖျက်ဆီးလို့ နေအိမ် (၂၆)လုံးပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။
အဲ့ဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ဩဂုတ် ၂၃ရက် မနေ့က မနက်ပိုင်းမှာလည်း သဒွတ် ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲ လေးကြိမ်ခန့်ထပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲတွေမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ခြောက်ဦးကျဆုံးပြီး အကြမ်း ဖက်စစ်တပ်က သုံးဦး သေဆုံးတယ်လို့ Myaing’s Hero Generation PDF ပြန်ကြားရေး တာဝန်ခံ ကိုမိုက်တီးကပြောပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ Maying’s Hero Generations တပ်ဖွဲ့နဲ့အတူ၊God Of Maying ပုလဲတပ်ရင်း( ၁ ) ပုလင်း တပ်ရင်း (၂) ပေါက်မြိုင်တပ်ပေါင်းစုနဲ့ 7 starစတဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေပါ ဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လက်နက်နဲ့ကျည်လိုအပ်ချက်တွေကြောင့် တိုက်ပွဲကိုရပ်နားထားရပြီး အရေးပေါ်လို အပ်နေတဲ့ လက်နက်ခဲယမ်းတွေဝိုင်းဝန်းကူညီပေးကြဖို့ Myaing’s Hero Generation PDF အဖွဲ့က တောင်းဆိုထားပါတယ်။