ဒီနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ကို DKBA အဖွဲ့တွေဦးဆောင်ပြီး KNU၊ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက် စီးနင်းရာမှာ မြို့နယ်ရဲမှူးအပါအဝင် ရဲ (၄) ဦးသေဆုံးခဲ့ပြီး ၊ စက်လက် ၁လက် ၊ အေကေ တလက်အပါအဝင် သေနတ် ၅ နဲ့အတူ လူ ၂ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ DKBA သတင်းရင်းမြစ်က DNA ကိုပြောပါတယ်။
“နှစ်ယောက်ဖမ်းသွားပြီး ၊ အဲဒီအထဲမှာ ဥပဒေအရာရှိတယောက်ပါတယ် ။ဒီကောင်တွေပဲ အမိန့်ချနေတာ စစ်တပ်ကပြောသမျှကို”လို့ ပြောပါတယ်။
ကနဦး စုံစမ်းမှုအရ စစ်တပ်ကြေးနန်းသတင်းမှာတော့ ၁၂ ဦးသေဆုံးခဲ့တယ်လို့ သိရပေမယ် အတည်ပြုဖို့ ကြိုးစားစဲ ဖြစ်ပါတယ်။ ဖမ်းဆီးခေါ်သွားသူဟာ ထွေအုပ်ဝန်ထမ်းတွေလို့လည်း သိရပါတယ် ။ ခရိုင်ထွေအုပ်ကို ရှာတာ မမိတဲ့အတွက် ထွေအုပ်ဝန်ထမ်းကို ဖမ်းသွားတာလို့လည်း ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့ပေါ်ကို DKBA အဖွဲ့တွေဦးဆောင်ပြီး KNU ၊ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်က ၁၅ မိနစ်လောက်သာ ကြာခဲ့တယ်လို့ သိရပါတယ် ။ အဲဒီနောက်မှာ ကော့ကရိတ် ၉၇ တပ်ကနေ အနီးနားဝန်းကျင် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ၊ အင်အား (၁၀၀) ကျော်ပါတဲ့ စစ်ကြောင်းနဲ့ မြို့ပြင်တဝိုက်ကို နေရာယူတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။