ပုသိမ်ထောင်က နိုင်ကျဥ်းတွေ တော်လှန်ရေးသစ္စာအဓိဌာန်ပြု

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေး အကျဥ်းသားတွေဟာ ဇူလိုင် လ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်က တော်လှန်ရေး သစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေက သူတို့ရဲ့ အဆောင်တွေကနေပြီး သစ္စာအဓိဌာန်၄ချက်ကို တစ်ချိန်တည်းမှာ တပြိုင်နက်တည်း သံပြိုင်ရွတ်ဆိုခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ်။
“တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း နိုင်ကျဥ်းအဆောင်တွေကဘက် အသံတွေကြားလို့ ထောင်ဆူပြီမှတ်တာ နောက်မှမဟုတ်မှန်း သိရတယ်”လို့ ဆိုပါတယ်။
သစ္စာအဓိဌာန် မရွတ်ဆိုရလို့ ထောင်စည်းကမ်းမှာ မပါဝင်တာကြောင့် လက်ရှိအခြေအနေမှာ တစ်စုံတစ်ရာအရေးယူတာ မရှိသေးဘူးလို့ အကျဥ်းဦးစီးဌာနအသိုင်းအဝိုင်းဆီက သိရပါတယ်။
“တော်လှန်ရေးမှာ ပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပသည်” ၊ “တော်လှန်ရေး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်” ၊ “တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း” ၊ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စတဲ့ စာသားတွေနဲ့ သစ္စာအဓိဌာန် ပြုကြတာလို့ ဆိုပါတယ်။
“နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ အခမ်းအနားတွေကို ထောင်ဆူတာမျိုး မဖြစ်စေဘူးဆိုရင် ခွင့်ပြုပေးတယ်လို့ သိရတယ်” လို့ ထောင်ဝင်စာပို့သူတစ်ဦးက ပြောပါတယ်။
ပုသိမ်ထောင်တွင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က 7JULY အခမ်းအနားနဲ့ ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ အခန်းအနားတို့ကိုလည်း ပုသိမ်ထောင်တွင်းရှိ နိုင်ငံရေးအကျဥ်းသားတွေက ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ထောင်မှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေးအကျဥ်းသား ၃၆၀ ကျော်ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၅၀ ပါဝင်ပါတယ်။
အမျိုးသမီးအကျဥ်းသား ၁၂ ဦး အပါအဝင် ၁၂၀ ကျော်ကို ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ သိရပါတယ်။