ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ မြန်မာလူငယ်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။ လုံခြုံရေးအရ ကင်မရာတွေရိုက်ခွင့်မပြုပဲ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းအရေးအပေါ် ဦးစားပေးလုပ်ဆောင်နေရပေမယ့် မြန်မာ့အရေးကိုလည်း အလေးပေးဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးဖို့ လက်လျော့မှာမဟုတ်ဘူး၊ ဒါကို တရုတ်အနေနဲ့လည်း သဘောတူသင့်တယ်လို့ မစ္စတာ ဘလင်ကန်က ပြောခဲ့ပါတယ်။
“ကျနော်တို့ တတ်နိုင်သမျှ နည်းလမ်းတွေ ဆက်ပြီး ရှာဖွေသွားမှာ ဖြစ်ပြီး တခြားနိုင်ငံတွေအနေနဲ့လည်း ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရောက်ဖို့ သူတို့ကို ထိထိရောက်ရောက် ဖိအားတွေ ပေးနိုင်ပါတယ်။” လို့ မစ္စတာ ဘလင်ကန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
မစ္စတာ ဘလင်ကန်ဟာ ထိုင်းနိုင်ငံ ခရီးစဉ်တစ်လျှောက်လုံးမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ထိခိုက်လွယ်သော ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးရေးအတွက်လည်း တွန်းအားပေး ဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။