■ အဖိနှိပ်ခံလူထုရဲ့ သောက နှင့် ဒုက္ခ ■

၁။ ပဋိပက္ခနဲ့ စစ်ပွဲရယ်လို့ ဖြစ်လာပြီဆိုရင် ပထမဆုံးခါးစည်းခံစားရတာက ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ ယေဘုယျပြောဆိုချက်ဖြစ်တာမို့၊ ပိုပြီး တိတိကျကျ ပြောရရင် အောက်ခြေပြည်သူလူထုဖြစ်ပါတယ်။ အောက်ခြေပြည်သူလူထုထဲမှာ မြို့ပြနေ ဆင်းရဲသားပြည်သူလူထုရှိတယ်၊ ကျေးလက်နေ ဆင်းရဲသားပြည်သူလူထု ရှိတယ်။ အတန်းပညာအရ နိမ့်ကျတဲ့၊ ငွေကြေးဓနဥစ္စာအရ နိမ့်ကျတဲ့၊ ရာထူးဂုဏ်သိမ်အရ ဗလာနတ္ထိဖြစ်တဲ့ အောက်ခြေပြည်သူလူထုဟာ အကျပ်အတည်း အခက်အခဲနဲ့ ပဋိပက္ခတွေကြားထဲမှာ လျစ်လျှူရှုခံ သတ္တဝါတွေ ဖြစ်နေတတ်ကြပါတယ်။
၂။ ဝါဒဖြန့်ချိရေးတွေ ဒင်းကြမ်းပြည့်နေတတ်တဲ့ လက်နက်ကိုင်ပဋိပက္ခကာလအတွင်းမှာ ဒုက္ခခံစားနေရတဲ့ တကယ့်အောက်ခြေပြည်သူလူထုရဲ့ ခံစားချက်နဲ့ အသံတွေဟာ ခပ်တိုးတိုးပဲ ကြားနေရတတ်ပါတယ်။ နိုင်ငံရေးဝါဒ အားပြိုင်မှုတွေနဲ့ လက်နက်စွမ်းအားအားပြိုင်မှုတွေကြားထဲမှာ၊ အောက်ခြေပြည်သူလူထုရဲ့ ဘဝပေးကြမ္မာတွေဟာ စတေးခံ ဖြစ်နေရတတ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုရဲ့ အသံကို သကာမအုပ်ဘဲ အရင်းလိုက် တင်ပြကြဖို့ လိုတယ်လို့ ယူဆပါတယ်။ လူထုရဲ့ ခံစားချက်နဲ့ အသံတွေဟာ တိမ်မြုပ်နေရာကနေ ပေါ်ထွက်လာသင့်ပါပြီ။ ခပ်တိုးတိုးပဲ ကြားနေရာကနေ ကျယ်ကျယ်လောင်လောင် ဖြစ်သင့်နေပါပြီ။
၃။ လူထုအသံကို သကာမအုပ်ဘဲ လူအများကြားနိုင်တဲ့ ပလက်ဖောင်းပေါ်မှာ မျက်ဝါးထင်ထင် မြင်ရကြားရဖို့က သတင်းမီဒီယာနဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာတတ်တွေရဲ့ အလုပ်လို့ ယူဆပါတယ်။ ပဋိပက္ခကာလ အတွင်းမှာ ဆင်ခြင်တုံတရားက ဆိတ်သုဉ်းနေတတ်ပြီး၊ အာဃာတတွေ အငြိုးတရားတွေနဲ့ အမုန်းမီးတွေက တောက်လောင်နေတတ်ပါတယ်။ ပညာတတ်တွေ ကိုယ်၌က သတိလက်လွတ်ဖြစ်ပြီး၊ အမုန်းမီးတွေ လောင်သထက် လောင်ကျွမ်းအောင် လောင်စာထပ်ဖြည့်သလို ပြုမူမိတာတွေကိုလည်း တွေ့နေရပါတယ်။ သတိဟာ ပိုတယ်လို့ မရှိပါ။ ကိုယ့်ရဲ့ အပြုအမူနဲ့ အပြောအဆိုတွေကို အကန့်အသတ်ထားပြီး သတိနဲ့ ပြုမူပြောဆို လုပ်ကိုင်ကြဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။
၄။ အဖိနှိပ်ခံပြည်သူတို့ရဲ့ “ကိုယ်၏ ဒုက္ခ” နဲ့ “စိတ်၏သောက” တို့ကို နှလုံးသားနဲ့ ခံစားပြီး ဦးနှောက်နဲ့ ဆင်ခြင်ကြည့်ကြဖို့ ဖြစ်ပါတယ်။ ထို့နောက် အဖိနှိပ်ခံ အောက်ခြေပြည်သူလူထုရဲ့ ခံစားချက်တွေကို လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာက သိမြင်အောင် လုံ့လထုတ် ကြိုးစားကြဖို့ ဖြစ်ပါတယ်။
၅။ လူထုရဲ့ ဥစ္စာဓနနဲ့ လူသားတန်ဖိုးတွေဟာ လူတစ်စုရဲ့ အကျိုးစီးပွားအတွက် စတေးခံ ဖြစ်နေပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်းအတွင်းက လက်နက်ကိုင်ပဋိပက္ခ နဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ — လူသစ်တွေက အမှားဟောင်းတွေကို ထပ်မံ ကျူးလွန်ရင်း မပြီးနိုင် မစီးနိုင်ဖြစ်ပြီး အဆိုးကျော့သံသရာလည်နေပါတယ်။ ဒါကို တနည်းနည်းနဲ့ ရပ်တံ့ အောင် ကြိုးစားအားထုတ်ကြဖို့ ဖြစ်ပါတယ်။ ၎င်းအတွက် သတိနဲ့ ဆင်ခြင်တုံတရား အဓိပတိထားပြီး ပြုမူ ပြောဆို လုပ်ကိုင်ကြမှ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
အယ်ဒီတာ
၂၀၂၂ ဇူလိုင် ၈